ပဲခူးမြို့ ကေတီဗွီတခုတွင် လူသတ်မှုဖြစ်ပွား
DVB
·
December 11, 2017
ပဲခူးမြို့ ရှင်စောပုရပ်ကွက် ဟင်္သာလမ်းက ကေတီဗွီတခုမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ညက လူသတ်မှုတခု ဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့မရဲစခန်းမှူး ဒုရဲမှူး နိုင်စိုးက ပြောပါတယ်။
မနေ့ည ၁၁ နာရီကျော်လောက်က 909 KTV ဆိုင်မှာ ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက်က ချစ်ကိုကိုဦး၊ ထွန်းဦးနဲ့ ရုံးကြီးရပ်ကွက်က ဦးဇော်ဝင်းတို့ ၃ ဦးဟာ အခန်း ၆ အတွင်း သီချင်းကူသီဆိုပေးတဲ့ မိန်းကလေးတွေ ကိစ္စနဲ့ ပတ်သက်ပြီး ဆိုင်ဝန်ထမ်းတွေနဲ့ စကားများ ရန်ဖြစ်ခဲ့ရာမှာ ချစ်ကိုကိုဦးက ဘီယာပုလင်းနဲ့ စားပွဲခုံရိုက်ခွဲလိုက်တဲ့အတွက် ဆိုင်မန်နေဂျာ ကျော်ထူးနိုင် (ခ) ကိုပြူး ရဲ့ ယာဘက်မျက်လုံးကို ပုလင်းကွဲစထိမှန်ပြီး ဒဏ်ရာ ရရှိသွားပါတယ်။
ဆိုင်မန်နေဂျာ ကျော်ထူးနိုင် (ခ) ကိုပြူးက မကျေနပ်တဲ့အတွက် ဆိုင် အလုပ်သမား ကိုထွေး၊ ၀င်းထွန်းတို့နဲ့အတူ ဓားကိုယ်စီ ကိုင်ဆောင်ပြီး ထိုးခုတ်တာကြောင့် ချစ်ကိုကိုဦး (၂၉ နှစ်)မှာ ဒဏ်ရာများ ရရှိပြီး ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပါတယ်။
လူသေဆုံးတဲ့အထိ ပြုလုပ်သူတွေကို အရေးယူပေးဖို့ ရုံးကြီး ရပ်ကွက်နေ ဦးဇော်ဝင်း က တရားလိုပြုလုပ်တိုင်တန်းအတွက် ပဲခူးမြို့မရဲစခန်းက ရာဇသက်ကြီး ဥပဒေပုဒ်မ ၃၀၂ / ၃၂၅ / ၁၁၄ တို့နဲ့ အမှုဖွင့်ကာ တရားခံတွေဖြစ်တဲ့ ဆိုင်မန်နေဂျာ ကျော်ထူးနိုင်(ခ) ကိုပြူးနဲ့ ဆိုင်ဝန်ထမ်း ၀င်းထွန်း၊ ဦးညီနဲ့ နေအောင်တို့ကို ဖမ်းဆီးအရေးယူထားပါတယ်။
ကိုထွေးနဲ့အဖွဲ့ကတော့ လွတ်မြောက်နေတဲ့အတွက် ဖမ်းဆီးရရှိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - အောင်စိုးမိုး