Home
မေးမြန်းခန်း
မုန်တိုင်း​ငယ်အ​ခြေအ​နေအ​ပေါ် မိုး​ဇလ ဒုညွှန်မှူး​နှင့်​မေး​မြန်း​ချက်
ရွှေအောင်
·
April 19, 2012
လာမယ့်​ ၁၀ ရက်အတွင်း​ ဘင်္ဂလား​ပင်လယ်​အော်​တောင်ပိုင်း​မှာ မုန်တိုင်း​ငယ်တခု ဖြစ်​ပေါ်နိုင်တယ်လို့​ မြန်မာနိုင်ငံ မိုး​လေဝသနဲ့​ ဇလ​ဗေဒ ဦး​စီး​ဌာနက သတင်း​ထုတ်ပြန်လိုက်ပါတယ်။ ဧပြီ ၁၈ ရက် ​နေ့​စွဲနဲ့​ ထုတ်ပြန်လိုက်တဲ့​ အဲ့​ဒီ​ကြေညာချက်မှာ ဘင်္ဂလား​ပင်လယ်​အော်​တောင်ပိုင်း​မှာ ​လေဖိအား​နည်း​ရပ်ဝန်း​ တကြိမ် ဖြစ်​ပေါ်နိုင်ပြီး​ ပိုမိုအား​ကောင်း​လာကာ မုန်တိုင်း​ငယ် ဖြစ်လာနိုင်တယ်လို့​ ​ဖော်ပြထား​ပါတယ်။
ဦး​ချစ်​ကျော်
အခု သတင်း​ထုတ်ပြန်​ဖော်ပြချက်နဲ့​ ပတ်သက်ပြီး​ မိုး​လေဝသဌာနက ဒုတိယညွှန်ကြား​ရေး​မှူး​ ဦး​ချစ်​ကျော်ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ ၁၈ ရက်​နေ့​က​နေ စပြီး​တော့​ ၁၀ ရက်အတွင်း​ ​ကြေညာချက်မှာ​ပေါ့​နော် ​လေဖိအား​နည်း​ရပ်ဝန်း​တခု ဖြစ်​ပေါ်နိုင်တယ်ဆိုတာ နည်း​နည်း​လေး​ ပိုပြီး​ အ​သေး​စိတ် ​ပြောပြ​ပေး​ပါလား​။ ဘယ်ရက်ပိုင်း​တွေမှာ အဓိက ဖြစ်​ပေါ်လာနိုင်ပါသလဲ။ “အခုကတည်း​က​တော့​ နည်း​နည်း​ဖြစ်ချင်တဲ့​ အ​ခြေအ​နေ​ပေါ့​ဗျာ။ ကျ​နော်တို့​ ​စောင့်​ကြည့်​နေတာ​ပေါ့​။ အခု ​လော​လောဆယ်​တော့​ သီရိလင်္ကာ အ​ရှေ့​နား​မှာ​ပေါ့​နော် တိမ်အစုအ​ဝေး​ ရှိတယ်။ ဒါ​ပေမယ့်​ အဲဒီ တိမ်အစုအ​ဝေး​က​တော့​ ​လော​လောဆယ် မုန်တိုင်း​ဖြစ်နိုင်တဲ့​ အ​ခြေအ​နေ မ​ရောက်​သေး​ဘူး​။ သို့​သော် ကျ​နော်တို့​က ​စောင့်​ကြည့်​နေတယ်။ ဒီ ဧပြီ ၂၀ ရက် က​နေ ပြီး​တော့​ ၃၀ ရက် အတွင်း​မှာ ​လေဖိအား​နည်း​ရပ်ဝန်း​လေး​ ဖြစ်လာနိုင်တယ်။ အဲဒီ ဖြစ်လာနိုင်တဲ့​ ​လေဖိအား​နည်း​ရပ်ဝန်း​လေး​ကလည်း​ ပူတဲ့​အခါကျ​တော့​လေ အခုက ​တော်​တော်​လေး​ ပူပါတယ်။ ပတ်ဝန်း​ကျင်မှာ အပူစွမ်း​အင် များ​များ​ ရလို့​ရှိရင် ဒီ မုန်တိုင်း​ငယ်​လေး​တွေက မြန်မြန် ဖွံ့​ဖြိုး​အား​ကောင်း​တယ်။ အဲဒီလို မြန်မြန် ဖွံ့​ဖြိုး​အား​ကောင်း​ပြီး​တော့​ ​ရွေ့​တာလည်း​ မြန်တယ်။ သူ့​ကြောင့်​ ​လေတိုက်တာလည်း​ နည်း​နည်း​များ​တယ်​ပေါ့​။ အဲဒီ​တော့​ ကျ​နော်တို့​ဘက်က ဘာလုပ်နိုင်လဲဆိုရင် သူ စမဖြစ်ခင်ကတည်း​က ကျ​နော်တို့​က လက်ဦး​မှုရ​အောင် လုပ်ဖို့​လိုတယ်။ ပြီး​လို့​ရှိရင်လည်း​ သတိ​ပေး​ချက်​တွေကို ကြိုပြီး​ ထုတ်နိုင်​အောင် ကျ​နော်တို့​က အခု ၂၄ နာရီ ​စောင့်​ကြည့်​နေတယ်။ မုန်တိုင်း​က အခု ​ပြောတဲ့​နေရာ​လေး​မှာ ဖြစ်ရင်​တော့​ ကျ​နော်တို့​ မြန်မာ့​ကမ်း​ရိုး​တန်း​ဘက်ကို လာဖို့​ အခွင့်​အလမ်း​ နည်း​ပါတယ်။ သို့​သော်လည်း​ပဲ မုန်တိုင်း​ဖြစ်တယ်ဆိုရင်​တော့​ လူ​တွေက ​ကြောက်တာပဲ။ အဲဒီ​တော့​ ကျ​နော်တို့​က လူ​တွေကို မုန်တိုင်း​သတင်း​နဲ့​ ပတ်သက်ပြီး​တော့​ မှန်မှန်ကန်ကန်နဲ့​ ကြိုကြိုတင်တင် သတိ​ပေး​ချက်​တွေ ထုတ်နိုင်မယ်ဆိုရင် မုန်တိုင်း​ကြောင့်​ ထိခိုက်မယ့်​ဟာ​တွေ ​လျော့​မယ်လို့​ ကျ​နော်တို့​လည်း​ ​မျှော်လင့်​ပါတယ်။ ကျ​နော်တို့​ဘက်ကလည်း​ အချိန်နဲ့​အမျှ ၂၄ နာရီပတ်လုံး​ အရာရှိ​တွေကို တာဝန်ချပြီး​တော့​၊​ ဒါက အခု ဒီ​နေ့​မှ မဟုတ်ပါဘူး​။ ကျ​နော်တို့​ နာဂစ်မုန်တိုင်း​ပြီး​ကတည်း​က ၂၄ နာရီ အရာထမ်း​တွေနဲ့​ မုန်တိုင်း​တို့​ မိုး​လေဝသ အ​ခြေအ​နေတို့​၊​ ​မြေငလျင်တို့​ စသည်ဖြင့်​ အဲဒီလို သဘာဝ​ဘေး​အန္တရာယ်နဲ့​ ပတ်သက်တာ​တွေ ​စောင့်​ကြည့်​တဲ့​ လုပ်ငန်း​တွေကို ကျ​နော်တို့​ ​ဆောင်ရွက်​နေပါတယ်။” ​နောက်တပိုင်း​က မ​ကွေး​တို့​၊​ မန္တ​လေး​တို့​၊​ ပဲခူး​တို့​မှာလည်း​ ဖြစ်မြဲထက် ပူဦး​မယ်ဆိုတာ အခု ကျ​နော်တို့​ ​မေး​ကြည့်​ရသ​လောက်လည်း​ တတိုင်း​ပြည်လုံး​ ​တော်​တော်​လေး​ ပူ​နေတယ် ​ပြောတယ်။ အဲဒီ အ​ခြေအ​နေ​လေး​လည်း​ ​ပြောပြ​ပေး​ပါဦး​။ “အခု​လော​လောဆယ် အပူဆုံး​ကို ​ပြောမယ်ဆိုရင်​တော့​ ​ချောက်က ဟိုတ​နေ့​က ​တွေ့​မှာပါ ၄၆.၁ နဲ့​ စံချိန်တင်သွား​တယ်​ပေါ့​။ တင်တယ်ဆို​ပေမယ့်​ ဒဿမ ၂ ​လောက်ပဲ ကွာတယ်။ အရင်တုန်း​က​တော့​ ၄၅.၉ ​ပေါ့​။ ၂၀၀၈ ဧပြီလ ၁၈ ရက် တုန်း​က အဲဒီလိုမျိုး​ ပူခဲ့​တဲ့​ဟာမျိုး​ရှိ​တော့​ ဒီနှစ် မြန်မာနိုင်ငံ အလယ်ပိုင်း​ အပူချိန်​တွေကြည့်​ရင် ၄၁၊​ ၄၂၊​ ၄၃၊​ ၄၄ ဝန်း​ကျင် ရှိကြတယ်။ မန္တ​လေး​တို့​၊​ မ​ကွေး​တို့​၊​ ​ချောက်တို့​၊​ ​ရေနံ​ချောင်း​၊​ မင်း​ဘူး​၊​ ​နောက် မုံရွာ စသည်ဖြင့်​ အဲဒီ​နေရာ​တွေက အခုကျ​နော် ​ပြောသ​လောက် ရှိတယ်။ ​ချောက်က​တော့​ ဒီ​နေ့​လည်း​ ၄၄ပဲ။ သူက​တော့​ ၄၄.၁​တော့​ မ​ရောက်ဘူး​ပေါ့​ဗျာ။ ၄၄ နဲ့​ပဲ သူငြိမ်​နေတယ်။ ဆို​တော့​ သူရဲ့​အပူက ၂ ရက် ၃ ရက် ဆက်တိုက် ပူ​နေပြီ​ပေါ့​။ “​နောက် အလား​တူပဲ ချင်း​ပြည်နယ်က ပုံမှန်အား​ဖြင့်​ ​အေး​တဲ့​ပြည်နယ် ဖြစ်တယ်။ ဒါ​ပေမယ့်​ ဒီ ဧပြီလ ၁၄၊​ ၁၅၊​ ၁၆၊​ ၁၇ မှာ စပြီး​တော့​ နည်း​နည်း​လေး​ ပိုပူလာတယ်။ ပူတယ်ဆို​ပေမယ့်​ ဧပြီလ ပျမ်း​မျှအပူချိန်ထက် သူက ၂ ဒီဂရီ၊​ ၃ ဒီဂရီ​လောက်ပဲ ပိုပြီး​တော့​ ပူတယ်။ ထူး​ထူး​ခြား​ခြား​ နည်း​နည်း​ပူ​နေတာက​တော့​ ​ချောက်​ပေါ့​။ ​ချောက်က ပုံမှန်ထက် ၄ ဒီဂရီ​လောက် ပိုပြီး​တော့​ ပူ​နေတယ်။ အလား​တူပဲ ပဲခူး​တိုင်း​တို့​၊​ ရန်ကုန်တိုင်း​တို့​လည်း​ ပူတယ်။ သို့​သော်လည်း​ပဲ သူတို့​ ပူတာက​တော့​ ဧပြီလ ပျမ်း​မျှအပူချိန်ထက် ၂ ဒီဂရီက​နေ ၃ ဒီဂရီ​လောက်ပဲ ပိုပူ​နေတာကို ​တွေ့​ရတယ်။ “အခု ​လော​လောဆယ် ဘင်္ဂလား​ပင်လယ်​အော်မှာ ရှိတဲ့​ တိမ်​တွေက အခုလို ကုန်း​ဘက်မှာ ပူလာလို့​ရှိရင် ကုန်း​ဘက်က ပူတဲ့​လေ​တွေက ​ပေါ့​ပြီး​တော့​ အ​ပေါ်ကို တက်သွား​ရင် အဲဒီ့​ ​လေ​နေရာကို ပင်လယ်ထဲက ​ရေ​ငွေ့​ပါတဲ့​ ​လေ​တွေက အစား​ထိုး​ ဝင်​ရောက်လာမှာ ဖြစ်ပါတယ်။ အဲဒီလို ဝင်လာရင်​တော့​ တိမ်​လေး​တွေ ဖြစ်ပြီး​တော့​ ​နေရာကွက်ကြား​ မိုး​လေး​တွေ ရွာပါလိမ့်​မယ်။ အဲဒါက​တော့​ ၂၆၊​ ၂၇ ဝန်း​ကျင်​လောက်မှာ ရွာမယ်လို့​ ခန့်​မှန်း​မိပါတယ်။ အဲဒီလို ရွာလို့​ရှိရင်​တော့​ အပူချိန် နည်း​နည်း​ပြန်ကျသွား​မယ်လို့​ ကျ​နော်တို့​ ခန့်​မှန်း​ထား​ပါတယ်။” အခြား​ မိုး​လေဝသနဲ့​ ပတ်သက်ပြီး​တာ့​ အခုရက်ပိုင်း​ ဖြစ်နိုင်တဲ့​ ထူး​ခြား​ဖြစ်စဉ်​တွေနဲ့​ ပတ်သက်ပြီး​တော့​ အများ​ပြည်သူ သိသင့်​သိထိုက်တာ​လေး​တွေ လည်း​ ​ပြောပြ​ပေး​ပါဦး​။ “အခုအချိန်က​တော့​ ရာသီအကူး​အ​ပြောင်း​ပေါ့​နော်။ ရာသီအကူး​အ​ပြောင်း​က ​နွေရာသီထဲမှာဖြစ်တဲ့​အခါကျ​တော့​ တကမ္ဘာလုံး​ရဲ့​ ရာသီဥတု ​ပြောင်း​လဲမှု​တွေရဲ့​ အကျိုး​သက်​ရောက်မှုကလည်း​ ရှိတယ်။ ပင်လယ်​ရေမျက်နာပြင်ရဲ့​ အပူချိန်ကလည်း​ နည်း​နည်း​ပုံမှန်ထက်ပိုပြီး​တော့​ မြင့်​တက်တယ်။ ဒီလို မြင့်​တက်တဲ့​အခါမှာ ဘာ​တွေဖြစ်လဲဆို​တော့​ ပင်လယ်ထဲမှာ​တော့​ တိမ်​တောင်ကြီး​တွေဖြစ်ပြီး​တော့​ အဲဒီ ပင်လယ်ထဲက တိမ်ရဲ့​အောက်မှာ​တော့​ ​လေပြင်း​တွေ တိုက်တာ​ပေါ့​ဗျာ။ သွား​ရတဲ့​ သ​င်္ဘော​တွေအ​နေနဲ့​တော့​ အန္တရာယ်ရှိတာ​ပေါ့​။ ကုန်း​ဘက်မှာ​နေတဲ့​ လူ​တွေအတွက်ကျ​တော့​ အပူချိန်မြင့်​မား​တဲ့​အခါမှာ အပူ​ကြောင့်​ဆက်နွယ်တဲ့​ ​ရောဂါဘယတို့​ ဒါ​တွေလည်း​ ဂရုစိုက်ဖို့​လိုပါတယ်။ ဒါကိုလည်း​ ကျန်း​မာ​ရေး​ဝန်ကြီး​ဌာနက သတိ​ပေး​ချက်​တွေ၊​ နှိုး​ဆော်ချက်​တွေ ​နေ့​စဉ် ရုပ်မြင်သံကြား​မှာ ထိုး​ပေး​နေပါတယ်။ “ကျန်တဲ့​ ထူး​ခြား​ဖြစ်စဉ်အ​နေနဲ့​က​တော့​ ပူလို့​ တိမ်​တောင်ကြီး​တွေ ဖြစ်တယ်ဆိုရင် အဲဒီ တိမ်​တောင်ကြီး​တွေက မိုး​ကြိုး​ပစ်တာတို့​၊​ လျှပ်စီး​လက်တာတို့​ ဖြစ်ပါတယ်။ အဲဒီလို မိုး​ကြိုး​ပစ်တာတို့​၊​ လျှပ်စီး​လက်တာတို့​ဟာ လျှပ်စီး​လက်တာ​တော့​ လူမ​သေဘူး​ပေါ့​ဗျာ။ မိုး​ကြိုး​ပစ်တာက​တော့​ လူကို ​သေ​စေတယ်။ အဲဒီတိမ်ရဲ့​ ဖြတ်သွား​တဲ့​အောက်မှာ ​လေပြင်း​တိုက်တာ ဖြစ်တဲ့​အတွက် အဲဒီ​လေပြင်း​က​တော့​ အ​ဆောက်အဦ​တွေ ဘာ​တွေ အမိုး​တွေဘာ​တွေ လန်ပြန်သွား​နိုင်တယ်။ အခြား​သွပ်​တွေ ဘာ​တွေ လွင့်​ပြန်လာပြီး​တော့​ ကိုယ့်​ကိုလည်း​ ထိခိုက်နိုင်တဲ့​ အတွက်​ကြောင့်​ ဒါ မိုး​ကြိုကာလမှာ အလယ်ပိုင်း​ဒေသ​တွေနဲ့​ မြန်မာနိုင်ငံ ​တောင်ပိုင်း​ဒေသက ပြည်သူလူထု​တွေအ​နေနဲ့​ ဆိုး​ရွား​တဲ့​ ရုတ်တရက်​ပြောင်း​လဲလာတဲ့​ မိုး​လေဝသ ဖြစ်စဉ်​တွေကို သတိပြုပြီး​တော့​ ​နေထိုင်သွား​လာဖို့​ လိုပါတယ်လို့​ ကျ​နော် အကြံ​ပေး​လိုပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024