လေယာဉ်ပေါ်တွင် ဘောလီးဝုဒ်မင်းသမီးကို စော်ကားနှောင့်ယှက်သူ ဖမ်းဆီးခံရ

ဓာတ်ပုံ - Zairawasim/Instagram
2K
ဒီဇင်ဘာလ ၁၀ ရက်နေ့က ဒေလီကနေ မွမ်ဘိုင်းကို ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ ဘောလီးဝုဒ်မင်းသမီးကို ဆိုးဆိုးရွားရွားဆက်ဆံပြီး စော်ကားနှောင့်ယှက်တယ်ဆိုပြီး အိန္ဒိယအမျိုးသားတဦးကို ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
အသက် ၁၇ နှစ်အရွယ် မင်းသမီး ဇာရီရာဝါဆင်မ်က သူမ နိုးတဝက် အိပ်ပျော်နေချိန် သူမနောက်ခုံမှာ ထိုင်နေတဲ့ သက်လတ်ပိုင်း အမျိုးသားတဦးက သူ့ရဲ့ခြေထောက်တွေနဲ့ သူမရဲ့ လည်ပင်းနဲ့ ကျောကုံးပေါ်ကို အထက်အောက် အကြိမ်ကြိမ် ပွတ်တိုက်ဆွဲချနေတယ်လို့ ပြောပါတယ်။
မစ္စဝါဆင်မ်က ဘောလီးဝုဒ်ရဲ့ အမြင့်ဆုံးဝင်ငွေရတဲ့ Dangal ဆိုတဲ့ ရုပ်ရှင်ကားမှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့သူ ဖြစ်သလို ဒီနှစ်အစောပိုင်းမှာ အိန္ဒိယနိုင်ငံ သမ္မတရဲ့ National Child Award for Exceptional Achievement ဆိုတဲ့ ဆုကိုလည်း ချီးမြှင့်ခံခဲ့ရသူပါ။
သူမက ဒီဇင်ဘာ ၁၀ ရက်နေ့က အင်စတာဂရမ်ပေါ်မှာ “အရမ်းကို သေချာပါတယ်၊ ဒီလူက ကျမရဲ့ပခုံးတွေကို ခြေထောက်နဲ့တွန်းပြီး ကျမရဲ့ ကျောနဲ့ လည်ပင်းတွေကို သူ့ခြေထောက်တွေနဲ့ ဆက်တိုက် ထက်အောက် တွန်းနေတာ” လို့ ရေးသား မှတ်တမ်းတင်ခဲ့ပါတယ်။
အမျိုးသားကို ရုပ်သံရိုက်ဖို့ ကြိုးစားပေမယ့် ဒီလူရဲ့မျက်နှာ မမြင်နိုင်လောင်အောင် မှောင်နေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာ ဒီလူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဗစ်စ်ထရာလေကြောင်းလိုင်းရဲ့ အကူအညီနဲ့ ဖော်ထုတ်နိုင်ခဲ့တယ်လို့ အိန္ဒိယသတင်းဌာနတွေက ထုတ်ပြန်ထားပါတယ်။
မစ္စဝါဆင်မ်ကတော့ ဒီဖြစ်ရပ်ကို သူမဘက်က လူသိရှင်ကြားဖြစ်အောင် လုပ်ပေမယ့် လေကြောင်းလိုင်းက မကူညီဘူးလို့ စွပ်စွဲလိုက်ပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်းကို တရားဝင်တိုင်တန်းခြင်းတော့ မရှိဘူးလို့ သိရပါတယ်။
အဲဗစ်ထရာလေကြောင်းလိုင်းကတော့ လေယာဉ် မွမ်ဘိုင်းကို ဆိုက်ရောက်သည်အထိ ဝန်ထမ်းတွေက ဒီအဖြစ်အပျက်ကို မသိခဲ့ကြောင်း၊ ဒါပေမယ့် မစ္စဝါဆင်မ် ကြုံတွေ့ခဲ့ရတာအတွက် တောင်းပန်ကြောင်း စာထုတ်ပြီး တွစ်တာပေါ်မှာ တင်ထားတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။