Home
မြန်မာသတင်း
အာဆီယံဒေသတွင်း ရွှေ့ပြောင်းလုပ်ကိုင်ခွင့်ရမည့် အသိအမှတ်ပြုလက်မှတ်များထုတ်ပေးမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
December 11, 2017
  အာဆီယံဒေသတွင်း ရွှေ့ပြောင်းအလုပ် လုပ်ကိုင်ခွင့်ရမယ့် အသိအမှတ်ပြုလက်မှတ်တွေ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကနေ ထုတ်ပေးသွားဖို့ အစီအစဉ်တွေ လုပ်ဆောင်ဖို့ရှိနေပါတယ်။ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင် တွေ ကြီးကြပ်မှုကော်မတီအစည်းအဝေးကို ဒီကနေ့ကျင်းပရာမှာ အာဆီယံနိုင်ငံတွေက ကော်မတီဝင်တွေ ရောက်ခဲ့ကြပြီး လာမယ့် ၅ နှစ်အတွင်းမှာ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို ခရီးသွားဝင်ရောက်မှု တိုးတက်လာစေဖို့နဲ့ အာဆီယံဒေသအတွင်းမှာ နိုင်ငံတစ်နိုင်ငံနဲ့ အလွယ်တကူ ရွေ့ပြောင်းအလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ခရီးသွားလုပ်ငန်း အလုပ်အကိုင် ၃၂ မျိုးသတ်မှတ်ထားပြီး အဲဒီ ကျွမ်းကျင်ကဏ္ဍတွေအလိုက် အသိအမှတ်ပြု လက်မှတ်တွေ ထုတ်မှာ ဖြစ်ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားဦးစီးဌာန၊ နိုင်ငံတကာနှင့် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်ရေး ဌာနခွဲက ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်မီမီထွန်းက “ဘယ်လို တတ်မြောက်အောင် သင်ကြား ရမယ်ဆိုတာကို သြစတြေးလျအဖွဲ့နဲ့ ပူးပေါင်းမှုကို ရယူပြီးတော့ ဆောင်ရွက်မှာပါ။ ဆောင်ရွက်တဲ့ အခါမှာလည်း ဆရာဖြစ်သင်တန်းတွေ နောက်တခါ စစ်ဆေးအကဲဖြတ်သင်တန်းတွေ အာဆီယံ မှာလည်း မွေးထုတ်ထားပြီးဖြစ်ပါတယ်”လို့ ပြောပါတယ်။ အာဆီယံခရီးသွားလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ အရည်အသွေး ပြည့်ဝတဲ့ သူတွေကို မွေးထုတ်ပေးနိုင်ဖို့၊ အသိအမှတ်ပြုလက်မှတ်ရရှိပြီးတော့ ကိုယ့်ရဲ့ လုပ်သားဈေးကွက်ဟာ အာဆီယံကဏ္ဍမှာ ပရောဖက်ရှင်နယ်အနေနဲ့ တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်လို့ ဒေါ်ခိုင်မီမီထွန်းက ပြောပါတယ်။ မြန်မာနိုင်ငံကို ခရီးသည်ဝင်ရောက်မှုအနေနဲ့ အာဆီယံဒေသတွင်း ခရီးသည်ဝင်ရောက်မှု တွက်ချက်မှု စာရင်းတွေအရ ၂၀၁၆ ခုနှစ်က ခရီးသည် ၂ ဒသမ ၉ သန်း ၀င်ရောက်ခဲ့ပြီး အာဆီယံဒေသ နိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နည်းပါးနေသေးတာကို တွေ့ရပါတယ်။ ခရီးသွားစံနှုန်းတွေနဲ့ အာဆီယံအစိမ်းရောင် ဟိုတယ်တွေ၊ အာဆီယံ ခရီးသွားသန့်ရှင်းတဲ့ မြို့တော်တွေ၊ အာဆီယံ လူထုအခြေပြုခရီးသွားစံနှုန်းတွေ လုပ်ဆောင်သွားဖို့တွေ စီစဉ်ဆောင်ရွက်နေတယ်လို့ ဟိုတယ်နဲ့ခရီး သွားလုပ်ငန်းကနေ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024