A d v e r t i s e m e n t With Us

အမျိုးသမီးသတင်းထောက်၏ ခေါင်းကို ကန်မိ၍ ပြန်တောင်းပန်ရသည့် ဂစ်တာသမား

ဓာတ်ပုံ - Getty Images
အမျိုးသမီး ဓာတ်ပုံသတင်းထောက်တဦးက လော့စ်အိန်ဂျလိစ်မှာ ကျင်းပတဲ့ ဂီတပွဲအတွင်း သူမရဲ့ခေါင်းကို တီးဝိုင်းအဖွဲ့မှ ဂစ်တာသမား ဂျော့ရှ်ဟုမ်းက ခြေထောက်နဲ့ကန်တယ်လို့ ပြောလိုက်ပြီးနောက် ဂျော့ရှ်ဟုမ်းက ပြန်လည်တောင်းပန်လိုက်တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး ရော့ခ်ဂီတအဖွဲ့ Queens of the Stone Age ရဲ့ ဒီဇင်ဘာ ၉ ရက်ည လော့စ်အိန်ဂျလိစ်မှာ ကျင်းပတဲ့ ဂီတပွဲအတွင်း အခုလို ဖြစ်ပျက်ခဲ့တာလို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ စင်မြင့်နားသွားပြီး အနီးကပ် ဓာတ်ပုံရိုက်ခဲ့တဲ့ အမျိုးသမီး ဓာတ်ပုံသတင်းထောက် ချယ်လ်စီးလော်ရင်က “ကျမ အခု ဒီညကို ဆေးရုံ အရေးပေါ်ခန်းမှာ နေရပါမယ်။ တကယ်ပါပဲ ဒါကို ဘယ်သူလုပ်သလဲ” လို့ ပြောပြီး ဟုမ်းက သူမဦးခေါင်းကို ကန်လိုက်ပုံရတဲ့ ဗွီဒီယိုရုပ်သံကို လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ ဂီတအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဟုမ်းက သူ ဘယ်တော့မှ တဖက်သားကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင် မလုပ်ဘူးလို့ တောင်းပန်လိုက်ပေမယ့် မစ္စလော်ရင်ကတော့ ရည်ရွယ်ပြီး လုပ်တယ်ဆိုတာ တကယ်ကို သိသာထင်ရှားတဲ့ ဖြစ်ရပ်လို့ Variety မဂ္ဂဇင်းကို ပြောပါတယ်။ “ကျမ အဝေးကနေ ဓာတ်ပုံရိုက်နေတုန်း သူလာတာကို ကျမတွေ့တယ်။ သူက ကျမကို တည့်တည့်ကြည့်ပြီး ခြေထောက်နဲ့ မျက်နှာကို ကန်လိုက်တာပါ။” ဒီကိစ္စနဲ့ပတ်သက်ပြီး မစ္စလော်ရင်က ရဲကို အမှုဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။ မစ္စလော်ရင်က သူမ အကန်မခံရခင် စက္ကန့်ပိုင်းအလိုမှာ ရိုက်ခဲ့တဲ့ တေးဂီတအဖွဲ့ရဲ့ ဓာတ်ပုံ ၂ ပုံကို အင်စတာဂရမ်ပေါ် တင်ထားပြီး သူမရဲ့မျက်ခုံးတွေ အတွင်းကြေသွားကာ လည်ပင်းတွေ နာနေတယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဂျော့ရှ်ဟုမ်း တဦးတည်းမှာသာ တာဝန်ရှိတယ်လို့လည်း မစ္စလော်ရင်က ဆိုပါတယ်။ ဟုမ်းကတော့ Queens of the Stone Age တွစ်တာစာမျက်နှာမှာ တောင်းပန်စာ ထုတ်ပြန်ကာ စင်ပေါ်မှာ သရုပ်ဆောင်ရင်း ဂီတပစ္စည်းတချို့ကို ကန်လိုက်ချိန် မစ္စလော်ရင်ကို ထိမိသွားတာ ဖြစ်တယ်၊ သူ့ရဲ့ ရိုးရိုးသားသား တောင်းပန်မှုကို မစ္စလော်ရင်အနေနဲ့ လက်ခံမယ်လို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။ ဒါပေမယ့် ဟုမ်းရဲ့တောင်းပန်မှုကို တွစ်တာသုံးစွဲသူတွေက ဝေဖန်ခဲ့ကြသလို မစ္စလော်ရင်ကလည်း အခင်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး Queens of the Stone Age ပရိသတ်တွေ သူမဘက်က အားပေးကြလို့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။ စင်မြင့်ထက်မှာ ဟုမ်းရဲ့အပြုအမူနဲ့ ပတ်သက်ပြီး ဝေဖန်ခံရတာဟာ ဒါ ပထမအကြိမ် မဟုတ်ပါဘူး။ ၂၀၀၈ ခုနှစ်တုန်းကလည်း နော်ဝေနိုင်ငံ ဖျော်ဖြေမှုပွဲမှာ ပရိသတ်တွေကို စော်ကားခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပြီး သူက ပရိသတ်ရဲ့မျက်နှာကို ကန်မယ်လို့ ခြိမ်းခြောက်ခဲ့လို့ ရေဘူးတွေနဲ့ အပေါက်ခံခဲ့ရတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up