Home
မြန်မာသတင်း
ဘီးလင်းမြို့နယ်​ ပအိုဝ်း​ဒေသသို့ အန်အယ်လ်ဒီ ကျန်းမာ​ရေးကွန်​ရက်​က အခမဲ့ကွင်းဆင်းကုသ
DVB
·
December 11, 2017
  မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ပအိုဝ်းဒေသ  ဒေါက်ရပ်တိုက်နယ်ဆေးရုံမှာ ဒီဇင်ဘာ ၁၀ ရက်က ပြည်နယ်ပအိုဝ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ရဲ့စီစဉ်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားကျန်းမာရေးကွန်ရက်က ကွင်းဆင်းကျန်းမာရေးဆေးကုသမှုပေးခဲ့ပါတယ်။ ပြည်နယ်ပအိုဝ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌဦးခွန်ရွှေသင်းက “ခဲမောက်စင်ကာပူ ဆရာတော်ကြီးရဲ့ စီစဉ်မှုနဲ့ အမျိုးသားကျန်းမာရေးကွန်ရက်က အထူးကုဆရာဝန်ကြီးတွေ ပအိုဝ်းဒေသအရောက် ပထမဆုံးကွင်းဆင်းကုသပေးတဲ့ နေရာမှာ ကျနော် စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးတာပါ။ မအားလပ်တဲ့ကြားက အခုလို ပအိုဝ်းတိုင်းရင်းသားအပါအဝင် အခြားတိုင်းရင်းသား လူမျိုးတွေအတွက်ပါ စေတနာနဲ့ လာရောက် ကုသပေးတဲ့ ဆရာဝန်ကြီးအားလုံးကို ကျေးဇူးတင်ပါတယ်"လို့ပြောပါတယ်။ အန်အယ်လ်ဒီ၊ အမျိုးသားကျန်းမာရေးကွန်ရက်က ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်တဲ့ အထူးကုဆရာဝန်ကြီးတွေဟာ သထုံခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းသင်းအိနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ပါဝင်ကူညီမှုနဲ့ အထွေထွေရောဂါ၊ သွားနှင့်ခံတွင်း၊ အရိုးအကြော၊ မျက်စိ၊ သားဖွားနှင့်မီးယပ်၊ ခွဲစိတ်၊ ကလေးနှင့်အရေပြားရောဂါတွေကို လာရောက်ပြသခဲ့ကြပါတယ်။ ပြည်နယ်ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က “ပြည်ထောင်စု ငြိမ်းချမ်းရေး အတွက် အန်စီအေစာချုပ်မှာ ကျမတို့ ပအိုဝ်းလူမျိုးတွေ ပါဝင်လက်မှတ် ရေးထိုးထားပြီးဖြစ်တဲ့အတွက် ပအိုဝ်းဒေသတွေမှာ လမ်းတံတား၊ စာသင်ကျောင်း၊ လျှပ်စစ်မီးစတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့က ကူညီပံ့ပိုးပေးနေပါတယ်။ အခုလို လာရောက်ဆေးကုသပေးလို့ ဒီဒေသမှာရှိတဲ့ ပအိုဝ်း၊ ကရင်၊ ဗမာစတဲ့ တိုင်းရင်းသားလူမျိုးတွေအတွက်အင်မတန်အကျိုးရှိလှပါတယ်"လို့ပြောပါတယ်။ ခုလို ဆရာဝန်ကြီးတွေ ကွင်းဆင်းလာရောက်ကုသပေးတဲ့အတွက် ဆေးရုံကြီး တွေမှာ မပြနိုင်တဲ့သူတွေအတွက် အဆင်ပြေသွားတယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။ ဒေါက်ရပ်ကျေးရွာမှ ဦးခွန်လှမျိုးက "ဆရာဝန်ကြီးတွေ အခမဲ့ဆေးလာကုပေးမယ်ဆိုလို့ လာပြတာပါ။ အသက် ၈၀ ရှိပါပြီ။ အဲ့ဒီတော့ လူကြီးရောဂါနဲ့မျက်လုံးရောဂါကို လာပြတာပါ။ ဆရာတော်ကြီးစီစဉ်ပြီးတော့ ဆရာဝန်ကြီးတွေ လာရောက် ကုသပေးတဲ့အတွက်ရင်ထဲမှာ အလွန်ဝမ်းသာလှပါတယ်။ တချို့ ဆေးရုံကြီး တွေမှာ မပြနိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေသွားတာပေါ့။ ဒီလိုမျိုးလေး မကြာမကြာလုပ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။"လို့ ဒီဗွီဘီကိုပြောပါတယ်။ ပအိုဝ်းဒေသကွင်းဆင်းကျန်းမာရေးကုသရာမှာ ဒေသခံတိုင်းရင်းသား ၆၂၀ ဦလောက်ကို မနက် ၈နာရီမှ ညနေပိုင်းအထိ အခမဲ့ဆေးဝါးကုသပေးခဲ့ကြပါတယ်။ သတင်း=ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024