Home
ဆောင်းပါး
တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေး၏ ဘေးထွက်ပစ္စည်း (သို့မဟုတ်) ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်ဒေသ
DVB
·
December 11, 2017
အစမကောင်းခဲ့သော ဗွေဆော်ဦးတိုက်ပွဲ တိုက်ပွဲပြီးဆုံး၍ နိဂုံးချုပ်သည့်အခါ ရဲဘော်နော်ဆိုင်းက တိုက်ပွဲကို ဦးစီးသည့် ရဲဘော်သန်းရွှေ (ဗိုလ်သန်းရွှေ ခေါ် ဟူကောင်း) ကို အပြစ်တင်လိုက်သည်။ “ကျုပ်တို့ အင်အားက ရန်သူ့ထက်သာတယ်။ ညတိုက်ပွဲလည်း ဖြစ်တယ်။ ဝိုင်းရံတိုက်ခိုက်တဲ့ စစ်ဗျ။ အခွင့်အရေးရှိရက်နဲ့ ခင်ဗျားတပ်သားတွေက အချိန်မီ ရောက်သင့်တဲ့နေရာမှ မရောက်ဘဲ။ သေမှာ ကြောက်တာကိုး။ ရန်သူကို ဝိုင်းရုံသာ ဝိုင်းထားပြီး အပြတ်မတိုက်ဘူး။ ဒီတော့ လွတ်ထွက်ပြေးကုန်တော့တာပေါ့။ ကျုပ် နော်ဆိုင်းတပ်က ဒီလိုမျိုး တွန့်ဆုတ် တွန့်ဆုတ်တိုက်ပွဲမျိုး ဘယ်တုန်းကမှ မတိုက်ခဲ့ဘူးဗျ။   ဗမာတပ်သားတွေ သေမှာ ကြောက်ကြတာကိုး။ ခင်ဗျားတို့လည်း ဒီအတန်းအစားထဲကပါပဲဗျာ။” အထက်ပါစကားများမှာ ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မနက်စောစော၊  ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်က တရုတ်နယ်စပ် မုန်းကိုးရှိ မြန်မာ့တပ်မတော် တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်အပြီး တိုက်ပွဲရလဒ်အပေါ် မကျေမချမ်းဖြင့် ပြစ်တင်ပြောကြားလိုက်သည့်စကား ဖြစ်သည်။ တိုက်ပွဲတွင် စခန်းကို သိမ်းပိုက်ရရှိခဲ့သော်လည်း မိမိဘက်က လေးယောက်ကျဆုံး၍ အများအပြား ဒဏ်ရာရခဲ့သည်။ မြန်မာ့တပ်မတော်မှ ကျဆုံးမှုမှာ တိုက်ပွဲစတင်ဖြစ်ပွားစဉ် ဗွေဆော်ဦး ပစ်ခတ်ခံလိုက်ရသော ကင်းစောင့်တပ်သားတယောက်သာ ဖြစ်သည်။ အားလုံးပြီးဆုံးသွားပြီးနောက် တိုက်ပွဲတွင် သိမ်းပိုက်ရရှိလိုက်သော ကာဘိုင်သေနတ် တလက်ကို ခွန်မင်း(ကူမင်း) စစ်ဒေသ ဒုတိယစစ်ဦးစီးမှူး ချာယွိစိန်း လက်သို့ ပေးအပ်လိုက်သည်။ ၎င်းထံမှတဆင့် ဥက္ကဋ္ဌ မော်စီတုံးလက်သို့ ပြည်သူ့တပ်မတော်၏ အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့လေသည်။ ဗွေဆော်ဦးတိုက်ပွဲတွင်ပင် ပြည်သူ့တပ်မတော်အတွင်း “စစ်ချွမ်းတပ်သားဟောင်း (စစ်ချွမ်းလောက်ပင်း)” နှင့် “ကွေ့ကြိုးတပ်သားဟောင်း (ကွေ့ကြိုးလောက်ပင်း)” တို့၏ အပြန်အလှန် ယုံကြည်မှုကင်းမဲ့ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း မျိုးစေ့ကို ချပေးခဲ့တော့သည်။ (ကိုးကား-မန်းဖိုးအေး(ဝါးခယ်မ) မြန်မာပြန် ဗမာပြည်ကွန်မြူနစ်ပါတီ ခရီးကြမ်း) ပြီးခဲ့သည့်အပတ် ကျနော့်ဆောင်းပါး “တရုတ်-ဗမာ ကွန်မြူနစ်နှစ်ပါတီအလွဲ” ဆောင်းပါးတွင် “အမှန်တကယ်အားဖြင့် မြန်မာပြည် အရှေ့မြောက်ဒေသရှိ ဗမာပြည် ကွန်မြူနစ်ပါတီမှာ ဥက္ကဋ္ဌ မော်စီတုံး ဦးဆောင်သည့် တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ ယဉ်ကျေးမှုတော်လှန်ရေး လမ်းစဉ်အမှားမှ စတင်မြစ်ဖျားခံလာခဲ့သည့် ဘေးထွက်ပစ္စည်း (Byproduct) ဖြစ်လေရာ” ဟု ဖော်ပြခဲ့ပါသည်။ သို့ဖြစ်၍ ယခုအပတ် ဆောင်းပါးတွင် မြန်မာပြည် အရှေ့မြောက်ဒေသ၌ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်နိုင်ပုံကို ရေးသား ဖော်ပြပါမည်။ အစကောင်းခဲ့သော နှစ်နိုင်ငံဆက်ဆံရေး ၁၉၄၉ ခုနှစ် အောက်တိုဘာလတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုဖြင့် တည်ထောင်လိုက်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပထမဦးဆုံး အသိအမှတ်ပြုသည့် နိုင်ငံထဲတွင် မြန်မာနိုင်ငံ ပါဝင်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကွန်မြူနစ်ပါတီ အာဏာရရှိထားသည့်နိုင်ငံ ဖြစ်သဖြင့် အမေရိကန်နှင့် အနောက်အုပ်စု၏ ဝိုင်းပယ်ထားမှုကို ခံနေရပြီး ကမ္ဘာ့ကုလသမဂ္ဂတွင် ပါဝင်ခွင့်မရရန် ပိတ်ပင်ထားကြရာ ၁၉၇၁ ခုနှစ်အထိ ကြာမြင့်ခဲ့သည်။ ထိုသို့သော အခြေအနေတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် စတင်ခဲ့ရာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို အခြေခံ၍ တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် အပြန်အလှန် မကျူးကျော်ရေးစာချုပ်ကို နှစ်နိုင်ငံ ဝန်ကြီးချုပ်များက ၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး ကမ္ဘာသို့ ကြေညာသည်။ ၁၉၅၄ ခုနှစ် နိုဝင်ဘာလတွင် ဝန်ကြီးချုပ်ဦးနု၏ ပီကင်းခရီးစဉ်အပြီးတွင် ကိုရီးယားစစ်ပွဲကြောင့် မြန်မာ့ဆန် နိုင်ငံခြားသို့ တင်ပို့ရေး အခက်အခဲဖြစ်နေမှုကို တရုတ်ပြည်က ကြိုးစားဖြေရှင်းပေးခဲ့သည်။   ထိုကိစ္စမတိုင်မီ မော်စီတုံးက ပင်လယ်ရပ်ခြား တရုတ်အမျိုးသား အသိုက်အဝန်းတွင် ကွန်မြူနစ်ပါတီ လှုပ်ရှားမှုများ ပြုလုပ်မည် မဟုတ်ကြောင်းနှင့် ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများကို မြန်မာ့နိုင်ငံရေးပါတီများတွင် ပါဝင်လှုပ်ရှားရန် အားပေးမည် မဟုတ်ကြောင်းကို အာမခံခဲ့လေသည်။ ထို့ပြင် တရုတ်အစိုးရက ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများကို မြန်မာ့ဥပဒေကို လေးစားလိုက်နာကြရန်နှင့် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ကြရန်လည်း ညွှန်ကြားခဲ့လေသည်။ မော်၏ အဆိုပါ ကတိကဝတ်ကို ၁၉၅၄ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့သော တရုတ်-မြန်မာ နှစ်နိုင်ငံ သတင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အလားတူ သဘောထားကို ၁၉၅၆ ခုနှစ် မြန်မာပြည်သို့ လာရောက်လည်ပတ်ခဲ့သည့် ဝန်ကြီးချုပ် ချူအင်လိုင်းကလည်း ရှင်းလင်းစွာ ပြောကြားခဲ့ရာ မြန်မာနိုင်ငံသား ခံယူထားသော တရုတ်အမျိုးသားများအနေဖြင့် ပင်လယ်ရပ်ခြား တရုတ်အမျိုးသား အဖွဲ့အစည်းများတွင် ပါဝင်ခွင့်မပြုရန်နှင့် တရုတ်နိုင်ငံသားအဖြစ် ခံယူထားသူများအနေဖြင့် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုများတွင် မပါဝင်ကြရန် တားမြစ်ထားလေသည်။ နှစ်နိုင်ငံ ဆက်ဆံရေးအကြား တည်ရှိသော ပြဿနာများ တရုတ်-မြန်မာ ဆက်ဆံရေးတွင် ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများ ကိစ္စအပြင် အခြားသော ပြဿနာ ၃ ရပ်လည်း ရှိသေးသည်။ အဆိုပါ ၃ ရပ်မှာ မြန်မာ့နယ်နိမိတ်အတွင်း ရှိနေသော ကူမင်တန် (KMT) တပ်များ ပြဿနာ၊ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်နိမိတ် အငြင်းပွားမှု ပြဿနာနှင့် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပတ်သက်သည့် ပြဿနာတို့ ဖြစ်ကြသည်။ နှစ်နိုင်ငံတို့သည် ၁၉၅၄ ခုနှစ်တွင် ကုန်သွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၆၀ ပြည့်နှစ်တွင် နယ်နိမိတ်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် နှစ်နိုင်ငံ တပ်မတော်များက ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ကာ ကူမင်တန်တပ်များကို မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ မောင်းထုတ်နိုင်ခဲ့ကြလေသည်။ အဆိုပါ ကူမင်တန်တပ်များမှာ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့လွတ်မြောက်ရေး စစ်ပွဲကာလက စစ်ရှုံး၍ ထွက်ပြေးလာကြသော ချန်ကေရှိတ်၏ ကူမင်တန် တပ်ကြွင်းတပ်ကျန်များ ဖြစ်ကြသည်။ နိုင်ငံတကာ ဖိအားများကြောင့် ၁၉၄၅ ခုနှစ် မေလတွင် ထိုက်ဝမ်က ၎င်း၏ တပ်အင်အား ၆၅၀၀ ကို မြန်မာ့မြေပေါ်မှ ရုပ်သိမ်းသွားခဲ့ပြီ ဖြစ်သော်လည်း တပ်အချို့မှာ ဆုတ်ခွာခြင်းမပြုဘဲ မြန်မာ့မြေပေါ်တွင် တွယ်ကပ်နေကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆန့်ကျင်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ်များအရောက်တွင် မြန်မာ့မြေပေါ်ရှိ ကူမင်တန်တပ် အရေအတွက်မှာ အမြင့်ဆုံးအဖြစ် တသောင်းခန့်အထိ ရှိလာသည်။ ကူမင်တန်တပ်တို့ ထိန်းချုပ်ထားသော ဧရိယာမှာ အကျယ် ၃၀၀ ကီလိုမီတာနှင့် အထူ ၁၀၀ ကီလိုမီတာခန့်ရှိပြီး တောတောင် ထူထပ်သောဒေသ ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ယာယီဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက တရုတ်ပြည်သို့ အလည်အပတ်သွားရောက်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြားရှိ သမိုင်းကြောင်းတလျှောက် အငြင်းပွားနေရသော နယ်နိမိတ်ပြဿနာ ဖြေရှင်းရေးအတွက် လက်မှတ်ရေးထိုးခဲ့လေသည်။ ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလတွင် မြန်မာဝန်ကြီးချုပ် ဦးနုနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းတို့သည် တရုတ်ပြည်သို့ နောက်တကြိမ် ထပ်မံသွားရောက်ပြီး ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် နယ်နိမိတ်စာချုပ်သစ်ကို လက်မှတ်ရေးထိုးကြပြန်သည်။ ထိုစာချုပ်မချုပ်ဆိုမီ ၁၉၆၀ ပြည့်နှစ် မေလက မြန်မာ့မြေပေါ်ရှိ ကူမင်တန်တပ်များကို အတူတကွ ပူးတွဲတိုက်ထုတ်ပစ်ကြရန် နှစ်နိုင်ငံ သဘောတူညီမှုရရှိပြီးဖြစ်၍ တရုတ်-မြန်မာ နယ်နိမိတ် တိုင်းတာရေးဆွဲရေးကိစ္စကို ဆောင်ရွက်ရာတွင် လိုအပ်ပါက စစ်ရေးအရ အရေးယူဆောင်ရွက်ရန် လမ်းပွင့်သွားပြီး ဖြစ်ပေသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA သည် ၁၉၆၀ ပြည့်နှစ်၊   နိုဝင်ဘာလတွင် စစ်ဆင်ရေးများကို စတင်ခဲ့ပြီးနောက် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တပ်အားလုံး မြန်မာ့မြေပေါ်မှ ပြန်လည်ရုပ်သိမ်းသွားခြင်းဖြင့် စစ်ဆင်ရေးကို အဆုံးသတ်ခဲ့လေသည်။ ဤသို့ဖြင့် တရုတ်-မြန်မာ နယ်နိမိတ်ပြဿနာနှင့် မြန်မာ့မြေပေါ်မှ ကူမင်တန်တပ်များ ပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့လေသည်။ ၁၉၆၂ ခုနှစ် တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေးမှာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်ပြီးသည့် နောက်ပိုင်းအထိ အပြောင်းအလဲ မရှိသေးပေ။   ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော တော်လှန်ရေးကောင်စီက “တက်ကြွသော ကြားနေရေး” နှင့် ဘက်မလိုက်ရေးကို နိုင်ငံခြားရေးမူဝါဒအဖြစ် ကျင့်သုံးမည်ဟု ကြေညာသည်။ စစ်အာဏာသိမ်းအပြီး ၂ ရက်အကြာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက တော်လှန်ရေးကောင်စီအစိုးရကို အသိအမှတ်ပြုလိုက်လေသည်။   အာဏာသိမ်းအပြီး နှစ်လအကြာတွင် တော်လှန်ရေးကောင်စီက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟု ခေါ်ဆိုသော စီးပွားရေးပေါ်လစီကို ချမှတ်ခဲ့သည်။ သို့ဖြင့် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ဆိုရှယ်လစ်စနစ်ကို ချီတက်ရန် ဗိုလ်ချုပ်ကြီးနေဝင်းသည် သူ၏ ပြည်သူပိုင်သိမ်းရေး စီမံကိန်းကို အကောင်အထည် ဖော်တော့သည်။ ထိုသို့ ပြည်သူပိုင်သိမ်းယူရာတွင် ၁၉၆၄-၆၅ ခုနှစ်အတွင်း တရုတ်စတိုးဆိုင်ပေါင်း ၆၇၀၀၊ ပီကင်းအစိုးရ၏ ဘဏ်နှစ်ဘဏ်၊   တရုတ်စာသင်ကျောင်းများနှင့် တရုတ်သတင်းစာများလည်း ပါဝင်သွားလေသည်။ ထိုအချိန် နောက်ပိုင်းမှ စတင်ကာ နိုင်ငံခြားဘာသာသင် စာသင်ကျောင်းများနှင့် နိုင်ငံခြားဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာများအားလုံး အပိတ်ခံရလေရာ မြန်မာနိုင်ငံတွင် တရုတ်သြဇာ လွှမ်းမိုးမှုမှာ များစွာ ထိခိုက်သွားလေတော့သည်။ ထိုသို့သော အခြေအနေများ ရှိသော်လည်း တရုတ်ပြည်သည် ဗိုလ်ချုပ်ကြီးနေဝင်း၏ ပေါ်လစီများကို ဆက်လက် ထောက်ခံအားပေးနေဆဲ ဖြစ်သည်။ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်မှုရှိသော်လည်း ဆက်လက်ထောက်ခံအားပေးရခြင်း အကြောင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဆောင်ရွက်ချက်များသည် အမှန်တကယ် ဆိုရှယ်လစ်စနစ်ဆီသို့ ချီတက်လိုသည့် ဆန္ဒရှိသည်ဟု ယူဆရန်ရှိသည်က တကြောင်း၊ မြန်မာနိုင်ငံအပေါ် သူ၏သြဇာ လျော့ကျမသွားစေလိုသည့်အတွက်ကြောင့် တကြောင်း ဖြစ်နိုင်ပေသည်။ ၁၉၆၄ ခုနှစ် ဇွန်လတွင် ဝန်ကြီးချုပ် ချူအင်လိုင်းက မြန်မာပြည်သို့ တိတ်တဆိတ် အလည်အပတ်လာရောက်ကာ ဗိုလ်ချုပ်ကြီးနေဝင်းအား အာဏာသိမ်းယူမည့် အကြံအစည်တခု ရှိနေကြောင်းကို ၎င်းတို့၏ ထောက်လှမ်းရေးကွန်ရက်မှ ရရှိထားသော အချက်အလက်များဖြင့် ပြောပြကူညီလေသည်။   ထို့ပြင် မြန်မာပြည်၏ နိုင်ငံရေးပြဿနာနှင့် ပြည်တွင်းရေးကိစ္စများကိုလည်း ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဆွေးနွေးသွားခဲ့သည်။ ထိုသို့ တရုတ်ပြည်က ဗိုလ်ချုပ်ကြီးနေဝင်းကို ကူညီအားပေးရသည့် အကြောင်းမှာ အကယ်၍ ၎င်းပြုတ်ကျသွားခဲ့လျင် မြန်မာပြည်သည် အနောက်အုပ်စုဘက်သို့ ယိမ်းယိုင်သွားကာ အမေရိကန်၏သြဇာ ကြီးထွားလာမည်ကို စိုးရိမ်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထိုသို့ အမေရိကန်သြဇာ ကြီးထွားလာပါက အရှေ့တောင်အာရှတွင် အမေရိကန် နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲအပေါ် သက်ရောက်မှု ရှိလာမည်ကို စိုးရိမ်ပုံရပါသည်။ ၁၉၆၅ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဗီယက်နမ်စစ်ပွဲအပေါ် ကြားနေရေး မူဝါဒနှင့် ကျူးကျော်သူ အမေရိကန်အား တက်တက်ကြွကြွ ဆန့်ကျင်ခြင်း မရှိမှုတို့ကြောင့် မြန်မာ၏ ဘက်မလိုက်ရေး မူဝါဒနှင့် ကြားနေရေးပေါ်လစီကို တရုတ်က နှောင့်ယှက်မှုများ ရှိလာသည်။ ထို့ပြင် မြန်မာ့မြေပေါ်တွင် အိန္ဒိယဆန့်ကျင်ရေး မီဇိုလက်နက်ကိုင်များကို တရုတ်ပြည်က သင်တန်းပေးမည့် အစီအစဉ်ကို မြန်မာက မထောက်ခံခြင်းကိုလည်း တရုတ်က မကျေနပ်ချေ။ အခြားတဖက်တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် မြန်မာအနေဖြင့် အထီးကျန်မနေသင့်ဘဲ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် ဆက်ဆံရေးများ တိုးချဲ့ရန် လိုအပ်ပုံကို သိရှိလာသည်။ သို့ဖြစ်၍ အိန္ဒိယ၊ ဆိုဗီယက်ယူနီယံ၊ ပါကစ္စတန်၊ ချက်ကိုဆလိုဗက်ကီးယား၊ ထိုင်း၊   ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့သို့ အလည်အပတ်ခရီး ထွက်ခဲ့သည်။ ထို့ပြင် အတတ်ပညာ အကူအညီပေးရန် တရုတ်၏ကမ်းလှမ်းချက်ကို အကြောင်းမပြန်ခဲ့ဘဲ ထိုစဉ်က တရုတ်ပြည်၏ ရန်ဘက်ဖြစ်သော ဆိုဗီယက်ယူနီယံထံမှ အတတ်ပညာ အကူအညီရယူရင်း ဆက်ဆံရေးကောင်းမွန်ရန် အခြေပျိုးခဲ့သည်။ ထိုသို့သော အခြေအနေများက တရုတ်ပြည်အနေဖြင့် မြန်မာပြည်အစိုးရကို စိတ်ချလက်ချ မယုံကြည်နိုင် ဖြစ်လာလေတော့သည်။ နှစ်နိုင်ငံ ဆက်ဆံရေးအကြား ထိုသို့သော အခြေအနေများ ရှိနေစဉ် ၁၉၆၆ ခုနှစ်၌ တရုတ်ပြည်တွင် ယဉ်ကျေးမှုတော်လှန်ရေး ဖြစ်ပေါ်လာလေရာ ယင်းကို မြန်မာနိုင်ငံသို့လည်း တင်ပို့ရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်ပုံရသည်။ ယဉ်ကျေးမှုတော်လှန်ရေး အကျိုးဆက်နှင့် တရုတ်-မြန်မာ အရေးအခင်း ယဉ်ကျေးမှုတော်လှန်ရေးမှာ တရုတ်ပြည်တွင် ၁၉၆၆ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်ရှိ တရုတ်လူ့အဖွဲ့အစည်းအတွင်းသို့ပါ တဖြည်းဖြည်း စိမ့်ဝင်လာသည်။   မြန်မာပြည်ရှိ အစိုးရစာသင်ကျောင်းများတွင် တရုတ်ကျောင်းသားများက မော်စီတုံးပုံ ရင်ထိုးတံဆိပ်များကို တပ်ဆင်ခြင်းဖြင့် ကျောင်းအာဏာပိုင်တို့၏ အမိန့်ကို ဖီဆန်ကြလေသည်။ သို့ဖြစ်၍ ရန်ကုန်ရှိ အမှတ် ၃ အမျိုးသားမူလတန်းကျောင်း (ယခင် တရုတ်မိန်းကလေး အလယ်တန်းကျောင်း) ၌ ၁၉၆၇ ခုနှစ် ဇွန်လ ၂၂ ရက်တွင် ကျောင်းသားများနှင့် ဆရာများအကြား ပဋိပက္ခ စတင်ဖြစ်ပွားလာတော့သည်။ အဆိုပါ ပဋိပက္ခက ထို့နောက်ပိုင်း လေးရက်အကြာတွင် တရုတ်နှင့် မြန်မာတို့အကြား ရန်ပွဲများကို ဆက်လက်ဖြစ်ပွားစေခဲ့သည်။ ကျုံးစန်း အလယ်တန်းကျောင်းတွင်လည်း အလားတူ ပဋိပက္ခမျိုး ဖြစ်ပွားလေသည်။ ခေါင်းဆောင်ကျောင်းသားများက ကျောင်းသားအားလုံးကို ကျောင်းတံခါးပိတ်လှောင်ကာ ဆရာ၊ ဆရာမများကို ဆန္ဒပြခဲ့ရာ ရဲများက ဝင်ရောက်ဖျန်ဖြေတော့မှ ပဋိပက္ခ ပြေငြိမ်းသွားသည်။ အဆိုပါ တရုတ်ကျောင်းနှစ်ကျောင်း၏ ပြဿနာနှစ်ရပ်ကို ဖြေရှင်းပြီးဖြစ်သော်လည်း တရုတ်ကျောင်းသားတို့မှာ ရန်ကုန်ရှိ တရုတ်သံရုံး၏ ထောက်ခံအားပေးမှုဖြင့် မော်စီတုံး၏ ရင်ထိုးတံဆိပ်များကို ဆက်လက် တပ်ဆင်ခဲ့ကြသည်။ သို့ဖြစ်၍ အရေးအခင်းမှာ ဇွန်လ ၂၆ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ကာ ၂၈ ရက်နေ့တွင် ပြီးဆုံးသွားသည်။ အရေးအခင်းအတွင်း သံရုံးဝန်ထမ်းတဦး အပါအဝင် တရုတ်လူမျိုး ၃၁ ယောက် သေဆုံးပြီး ၃၁ ယောက် ဒဏ်ရာအနာတရ ဖြစ်ကာ အများအပြား အဖမ်းခံရသည်။ မြန်မာအစိုးရက ၁၉၆၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီး ရန်ကုန်ရှိ တရုတ်သံရုံးနှင့် တရုတ်တန်းတို့ကို တင်းကျပ်စွာ အစောင့်ချထားလိုက်သည်။ ထို့နောက် မြန်မာပြည်ရှိ တရုတ်လူမျိုးများကို တရုတ်ပြည်သို့ နှင်ထုတ်မှုများ ပြုလုပ်ခဲ့ရာ နှစ်နိုင်ငံအကြား ပိုမိုတင်းမာလာလေသည်။ နှစ်နိုင်ငံ ပြည်သူများအကြား တဖက်နှင့်တဖက် ဆန့်ကျင်ရေး လှုပ်ရှားဆန္ဒပြမှုများ နှစ်နိုင်ငံလုံးတွင် ဖြစ်ပွားခဲ့သည်။ တရုတ်-မြန်မာ ချစ်ကြည်ရေးမှာ ယဉ်ကျေးမှုတော်လှန်ရေးကြောင့် ပျက်စီးသွားလေပြီ။   နှစ်နိုင်ငံ သံအမတ်ကြီးများကို ပြန်လည်ခေါ်ယူခဲ့ကြပြီး ကောင်စစ်ဝန်အဆင့်ဖြင့်သာ ဆက်ဆံရန် လျှော့ချလိုက်ကြလေတော့သည်။ ပြည်သူ့တပ်မတော် စတင်ဖွဲ့စည်းခြင်း တရုတ်ပြည်တွင် ထိုသို့ မြန်မာအစိုးရ မုန်းတီးစိတ်နှင့် လက်စားချေလိုစိတ် ပြင်းပြနေသော အခွင့်ကောင်းကို တရုတ်ပြည်ရောက် ဗမာပြည်ကွန်မြူနစ်ပါတီက အမိအရ အသုံးချလိုက်သည်။ ပီကင်းအခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်ဗသိန်းတင်နှင့် သခင်ဖေတင့်တို့က မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ်ဒေသတွင် အခြေခံစခန်း တည်ထောင်ရန် တရုတ်ပြည်ကွန်မြူနစ်ပါတီထံ အကူအညီ တောင်းခံတော့သည်။ တရုတ်ပြည်ကွန်မြူနစ်ပါတီမှ စစ်ရေးအကူအညီ၊   စစ်ရေးအကြံပေးနှင့် တိုက်ပွဲဝင်ကေဒါများ စေလွှတ်ပေးရန်ပါ တောင်းခံလေသည်။   သို့ဖြစ်၍ တရုတ်ပြည်ကွန်မြူနစ်ပါတီကလည်း သဘောတူ လက်ခံလိုက်လေသည်။ ၁၉၆၇ ခုနှစ် နိုဝင်ဘာတွင် ယူနန်ပြည်နယ် ပေါက်ဆန်းခရိုင်၊ (နုကျန်း) သံလွင်မြစ်ဝှမ်း မြေပြန့်ဒေသနှင့် ကျဲန့်ခမ်းခရိုင်၊ ထျက်စွက်ကုန်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်ကို စတင်ဖွဲ့စည်းတည်ထောင်လိုက်ပြီး ၎င်းတွင် အင်အားအရင်းအမြစ် ၃ ခု ပေါင်းစပ်ပါဝင်သည်။ ၎င်းတို့မှာ (၁) ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်တွင်းအခြေခံဒေသ အသီးသီးမှ တရုတ်ပြည်တွင် ပညာတော်သင်အဖြစ် ရောက်ရှိခဲ့သည့် စစ်ချွမ်းပြည်နယ်တွင် နေထိုင်သူများ၊ (၂) တရုတ်ပြည်ထဲတွင် နိုင်ငံရေးခိုလှုံခွင့်ဖြင့် ရောက်ရှိလေလွင့်နေသည့် ဗိုလ်နော်ဆိုင်း၏ ကွေ့ကြိုးပြည်နယ်တွင် နေထိုင်သူများ၊ (၃) ၁၉၆၇ ခုနှစ် ဇွန်လကမှ တရုတ်ပြည်နယ်စပ် ကျဲန့်ခမ်းခရိုင်တွင်းသို့ ပြေးခိုဝင်ရောက်လာသည့် ဖုန်ကြားရှင်တပ်ဖွဲ့တို့ ဖြစ်ကြသည်။ တရုတ်အရေးအခင်း ဖြစ်ပွားအပြီး လအနည်းငယ်အကြာတွင် တရုတ်ပြည်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ စစ်မှန်သော လွတ်မြောက်ရေးတိုက်ပွဲကို ထောက်ခံကြောင်း ကြေညာပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်နှစ်ယောက်ကို ဝန်ကြီးချုပ် ချူအင်လိုင်းနှင့်အတူ မိန့်ခွန်းပြောခွင့်ပေးခဲ့လေသည်။ ပီကင်း၏ သတင်းမီဒီယာများတွင် တရုတ်ကွန်မြူနစ်ပါတီက ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ခံကြောင်း ဗြောင်ကျကျ ဖော်ပြကြပြီး လက်နက်ခဲယမ်းနှင့် လေ့ကျင့်ရေးများကို စတင်ထောက်ပံ့ခဲ့သည်။ ထို့နောက် ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်က တရုတ်-မြန်မာ နယ်စပ်ဒေသ မုန်းကိုး၌ရှိသော မြန်မာ့တပ်မတော်စခန်းတခုကို စတင်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြင့် အရှေ့မြောက်နယ်စပ် အခြေခံဒေသကို စတင် တည်ဆောက်ခဲ့လေတော့သည်။ ရဲထွန်း (သီပေါ) Source : Wikipedia               : မန်းဖိုးအေး(ဝါးခယ်မ) မြန်မာပြန် ဗမာပြည်ကွန်မြူနစ်ပါတီခရီးကြမ်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024