ပဲခူးရိုးမအတွင်း တရားမဝင်သစ်ခွဲသားမျိုးစုံ တန် ၇၀ ဝန်းကျင် ဖမ်းမိ
DVB
·
December 11, 2017
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်အနောက်ဘက် ပဲခူးရိုးမအတွင်း ဖြူးချောင်းဖျားနဲ့ ချောက်ကမ်းပါးတွေမှာ တရားမဝင်သစ်တန် ၇၀ ကို ဒီဇင်ဘာ ၉ ရက်ကနေ ၁၁ ရက်အတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။
တောင်ငူခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ သစ်တောအရာရှိတဦးက ပြောပါတယ်။
“လောလောဆယ် ပျဉ်းကတိုးခွဲသားဆိုက်စုံ တန် ၆၀ လောက်၊ ကျွန်းခွဲသားဆိုက်စုံ ၃ တန်လောက်နဲ့ အခြားသားခွဲသားဆိုက်စုံ ၇ တန်လောက် စုစုပေါင်းတန် ၇၀ လောက် ဖမ်းမိထားတယ်။ တချို့သစ်တွေက ချောက်ကမ်းပါးတွေထဲမှာဆိုတော့ အပေါ်ရောက်မှပဲ အတိအကျသိရမယ်။ အခုဟာက အကြမ်းဖျင်း သိရသလောက်ပေါ့။ အခုချိန်ထိ တရားမဝင်သစ်တွေကို ဆက်လက်ရှာဖွေဖမ်းဆီးနေတုန်းပဲ။”
ဖမ်းဆီးရမိထားတဲ့ သစ်ခွဲသားတွေကို ချောက်ကမ်းပါးအတွင်းမှ ကျွဲတွေနဲ့ ဆွဲတင်ပြီး သစ်တောရုံးကို ကားတွေနဲ့ သယ်ယူပို့ဆောင်နေပြီလို့လည်း သိရပါတယ်။
အရင်လကလည်း ဖြူးမြို့နယ်အတွင်းကပဲ တရားမဝင်သစ်ခွဲသားတန် ၅၀ လောက်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။