ငဖဲမြို့နယ်တွင်း ဘိန်းစိုက်ခင်း ၅၃ ဧက ဖျက်ဆီး
DVB
·
December 11, 2017
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဒေသမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ ဘိန်းစိုက်ခင်း ၅၃ ဧက ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
နတ်ရေကန်ဒေသဝန်းကျင်မှာ ငဖဲမြို့နယ်အခြေစိုက် အမတ ၃၇၅ မှ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲဝင်တွေ၊ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဘိန်းစိုက် အပင်အမြင့် ၂ လက်မခွဲမှ အမြင့် ၁ ပေခွဲရှိ ဘိန်းပင်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုးက ဒီဗွီဘီကို ပြောပါတယ်။
ခုလို ဘိန်းစိုက်ခင်းတွေ ဖျက်ဆီးရတာဟာ အမျိုးသားရေးတာဝန်တရပ်အနေနဲ့ တမျိုးသားလုံး လူညွန့်တုံးစေတဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်တဲ့အနေနဲ့ ဖျက်ဆီးရတာဖြစ်ပြီး ကုန်ကြမ်းဖြစ်တဲ့ အပင်တွေကို ဦးစွာဖျက်ဆီးမှ ကုန်ချောဖြစ်တဲ့ မူးယစ်ဆေးဝါးတွေ မထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ရဲအုပ်ကျော်မျိုးက ပြောပါတယ်။
ဒီဇင်ဘာ ၅၊ ၆၊ ၇ ရက်နေ့မှာ စုစုပေါင်း ဘိန်းစိုက်ခင်း ၅၃ ဧက ဖျက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သတင်း-မင်းထီး