မိတ္ထီလာတွင် ဟိုတယ်အခန်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ ၃ ဦး ဖမ်းမိ
DVB
·
December 11, 2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မြို့မ (၄) ရပ်ကွက် ဟန်းနီးဟိုတယ်မှာ စိတ်ကြွဆေးပြားတွေနဲ့အတူ အမျိုးသား ၃ ဦးကို ဒီဇင်ဘာ ၉ ရက်က ဖမ်းမိတယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျအရာရှိက ပြောပါတယ်။
ရဲတပ်ဖွဲ့က ဟန်းနီးဟိုတယ်အခန်းအမှတ် (၃၀၃) ကို ဝင်ရောက်ရှာဖွေရာ အခန်းအတွင်းမှာ သက်ထွေးမောင်(ခ)ဖိုးသား၊ သော်ဇင်အောင်(ခ)ငဘွင်းနဲ့ ဝင်းမင်းသန်း(ခ)ကြယ်နီတို့ ၃ ဦးကို 88/1 စာတန်းပါ စိတ်ကြွဆေးပြားအပြား ၂၀၀ နဲ့ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ အတူ ဖမ်းမိခဲ့တာပါ။
မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့ ရဲအုပ်တဦးက “စိတ်ကြွဆေးပြား တပြားကို ၂၅၀၀ နဲ့ တွက်ရင် ကာလတန်ဖိုး ၅ သိန်းပေါ့ အလေးချိန် ၂၀ ဂရမ်ရှိတယ်။ ဆက်စပ်ကွင်းဆက်တွေလည်း စုံစမ်းနေတယ်” လို့ ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်းက သက်ထွေးမောင်၊ သော်ဇင်အောင်နဲ့ ဝင်းမင်းသန်းတို့ ၃ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဥပဒေ လက်ဝယ်ထားရှိမှု၊ ရောင်းချမှု၊ ထုတ်လုပ်ဖြန့်ဖြူးမှု၊ အားပေးကူညီမှု၊ လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁/၂၂(ခ) တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)