A d v e r t i s e m e n t With Us

ဂျေရုဆလင်မြို့အရေး အာရပ်နိုင်ငံခြားရေးဝန်ကြီးများနှင့်တရုတ် ပြစ်တင်

ဂျေရုဆလင်မြို့အရေးနဲ့ ပတ်သက်ပြီး အာရပ် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ရှေးဟောင်းသမိုင်းဝင် ဘာသာရေးမြို့ ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ခံလိုက်တဲ့အပေါ် အာရပ်နိုင်ငံခြားရေး ဝန်ကြီးတွေက တစုတစည်းတည်း ပြစ်တင်ရှုတ်ချ လိုက်တာပါ။ အရှေ့အလယ်ပိုင်း ဒေသတလွှားက ဝန်ကြီးတွေဟာ အီဂျစ်မြို့တော်ကိုင်ရိုမှာ ဆုံတွေ့ပြီး ဒီဇင်ဘာ ၆ ရက်က အမေရိကန်သမ္မတရဲ့ ကြေညာချက်ကို တုံ့ပြန်ရေး ဆွေးနွေးခဲ့တာပါ။ ဒီကြေညာချက်ဟာ အမေရိကန်ရဲ့ ဆယ်စုနှစ်တွေ ချီနေတဲ့ အရှေ့အလယ်ပိုင်း မူဝါဒကို ပြောင်းပြန်လှန်လိုက်သလို ဖြစ်ခဲ့တာပါ။ ထရမ့်က ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့လို့ အာရပ်ကမ္ဘာ သာမက အနောက်မဟာမိတ် နိုင်ငံတွေပါ စိတ်ပျက်ခဲ့ကြပါတယ်။ ဒါဟာ ဒေသတွင်း အကြမ်းဖက်မှု ပိုများလာအောင် မီးထိုးပေးမယ့် ဘေးလဲ ရှိနေတဲ့အပြင် အရင်က ငြိမ်းချမ်းရေး အားထုတ်မှုတွေအတွက် ထိုးနှက်ချက်ပဲလို့လည်း ပြောပါတယ်။ ဂျေရုဆလင်တမြို့လုံးက သူတို့မြို့တော်လို့ အစ္စရေးက ပြောပါတယ်။ ပါလက်စတိုင်းတွေကတော့ အရှေ့ ဂျေရုဆလင်ကို သူတို့ရဲ့ အနာဂတ်နိုင်ငံမှာ မြို့တော်အဖြစ် လိုချင်နေတာပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတော့ ဂျေရုဆလင်မြို့ရဲ့ အဆင့်အတန်းကို ကုလသမဂ္ဂက ဆုံးဖြတ်ချက်အတိုင်း ထားသင့်တယ်လို့ စနေနေ့မှာ ပြောပါတယ်။ တရုတ်ဟာ ပါလက်စတိုင်း ပြည်သူတွေ ကို ခိုင်ခိုင်မြဲမြဲ ပံ့ပိုးတယ်။ အရှေ့ ဂျေရုဆလင်ကို မြို့တော်အဖြစ် သတ်မှတ်ပြီး လွတ်လပ်တဲ့ အချုပ်အခြာ အပြည့်နဲ့ ပါလက်စတိုင်းနိုင်ငံကို တည်ဆောက်နေတဲ့ ပြည်သူတွေကို ထောက်ခံတယ်လို့ ဝမ်ယိက ပြောခဲ့ပါတယ်။ ၁၉၆၇ အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း အစ္စရေးက သိမ်းပိုက်ခဲ့တဲ့ အရှေ့ ဂျေရုဆလင်ကို သိမ်းပိုက်ခံ နယ်မြေအဖြစ်သာ ကမ္ဘာ့နိုင်ငံအများစုက လက်ခံစဉ်းစားတာပါ။ ဒီမြို့ရဲ့ အနေအထားကို အစ္စရေး ပါလက်စတိုင်း အနာဂတ် ဆွေးနွေးပွဲတွေမှာ ဆုံးဖြတ်ဖို့ ချန်ထားသင့်တယ်လို့လည်း ပြောကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up