ဒိုက်ဦးတွင် တွဲကားတစီး လမ်းဘေးသစ်ပင်ဝင်တိုက်၊ ၂ ဦးသေဆုံး
DVB
·
December 10, 2017
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အကြောင်ခင်တန်းရွာတံတားအနီး ရန်ကုန်မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၈၂/၂ နဲ့ ၃) အကြားမှာ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက တွဲကားယာဉ်တစီး လမ်းဘေးသစ်ပင်ကို တိုက်မိလို့ ယာဉ်ပေါ်ပါလာသူ နှစ်ဦးသေဆုံးသွားခဲ့တယ်လို့ ဒိုက်ဦးမြို့မစခန်းမှူးက ပြောပါတယ်။
ပဲခူးမြို့ကနေ ဒိုက်ဦးမြို့ကို အမျိုးသားတဦး မောင်းနှင်ပြီး ယာဉ်နောက်အိပ်ခန်းမှာ ကိုအေးကျော်ဆိုသူ လိုက်ပါလာတဲ့ ဘီး ၂၀ တွဲကားဟာ လမ်းဘေးရှိ ကုက္ကိုပင်ကို ဝင်ရောက်တိုက်မိခဲ့တာပါ။
ဒိုက်ဦးမြို့ မစခန်းမှူး ဒု-ရဲမှူး မောင်ကိုက “သူတို့အိပ်ငိုက်ပုံရပါတယ်။ ညာဘက်က ကုက္ကိုပင်ကို တိုက်တာပါ။ ကားခေါင်းပြားသွားတဲ့အတွက် အတွင်းအထဲက လူကိုထုတ်ဖို့ တော်တော်လေး အချိန်ယူလိုက်ရတယ်။ ကရိန်းကား ၂ စီးနဲ့ ဆွဲထုတ်တဲ့အခါမှ နောက်ခန်းက တယောက်ထွက်တယ်။ ယာဉ်မောင်းနေရာက တစ်ယောက်ထွက်တယ်။ နှစ်ယောက်လုံးက သေနေပြီ။ သူတို့နဲ့ဂိတ်အတူ နောက်ကားတွေလာတဲ့ အခါကျမှ သေတဲ့သူတစ်ဦးက ကိုအေးကျော်လို့ သိရတယ်။ နောက်တယောက်ကိုတော့ မသိသေးဘူး။ ကားလမ်းပိတ်ဆို့တာတွေတော့ မရှိခဲ့ပါဘူး။ ခုကျနော်တို့ သူတို့ဂိတ်နဲ့ချိတ်ဆက်ပြီး ကားကိုစွဲတင်ဖို့ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါသူ နှစ်ဦးစလုံးမှာ ဦးခေါင်းကြေမွ၊ ညာဘက်လက်ပြတ်၊ ယာဘက်ပေါင်ရိုးကျိုး၊ ယာဘက်ပေါင် ကြေမွ ဒဏ်ရာ အသီးသီးရရှိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တာပါ။
ဒိုက်ဦးမြို့မရဲစခန်းက တွဲကားယာဉ်မောင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်