၁၀ နှစ်သားလေးက ၉၁၁ ကိုဖုန်းခေါ်ပြီး အိမ်နီးချင်း အဘိုးအိုအသက် ကယ်တင်

2K
အမေရိကန်နိုင်ငံ ဖို့တ်စမစ်သ်မြို့မှာ တောင်စောင်းကနေ ပြုတ်ကျတဲ့ အိမ်နီးချင်းတဦးရဲ့ အသက်ကို ကယ်တင်ဖို့ ၁၀ နှစ်အရွယ် ကလေးတဦးက ၉၁၁ ကိုဖုန်းဆက်သွယ်ခဲ့ပါတယ်။
ဖိုးနစ်စ်ဘိုမာဆိုတဲ့ ကလေးက ရဲဌာနကို ဖုန်းဆက်ခဲ့ပြီး “ကျနော် ကျောင်းကပြန်လာတော့ တယောက်ယောက်အော်နေတာ ကြားရတယ်။ အဲဒါက ကျနော့်အိမ်နီးချင်း မစ္စတာဂျွန်ဖြစ်နေတယ်” လို့ ဘိုမာက ပြောပါတယ်။
ဘိုမာက သူ့ရဲ့ အိမ်နီးချင်းအဘိုးအို တောင်ကုန်းကားလမ်းပေါ်ကနေ အောက်ဘက်ကို လျောကျပြီးချိန်မှာ တွေ့ခဲ့တာပါ။
“ကျနော် အဲဒီနားရောက်သွားတယ်၊ ၉၁၁ ကို ဖုန်းခေါ်ပေးမလား အဘိုးကပြောတယ်။ အိမ်ကို အမြန်ပြေး တံခါးဖွင့် ဖုန်းယူ အဘိုးနားပြန်ပြေးပြီး ၉၁၁ ကို ဖုန်းခေါ်တယ်။ ကျနော်သာ အဘိုးအသံမကြားရင် အဖိုးအဲဒီနားမှာပဲ ရှိနေဦးမယ်” လို့ ဘိုမာက ပြောပါတယ်။
ဘိုမာကပဲ အရေးပေါ်ကားကို သူတို့ရှိနေတဲ့ နေရာလိပ်စာပေးပြီး မစ္စတာဂျွန် ဦးခေါင်းအနောက်ဘက် ဒဏ်ရာရသွားကြောင်းပြောကာ အကူအညီပေးသူတွေ လာတဲ့အထိ အဘိုးအိုနဲ့အတူနေပေးခဲ့တာပါ။
အရေးပေါ်ကားလာသံကြားချိန်မှာ တောင်အောက်ပြေးဆင်းပြီး ကလေးက လက်ဝှေ့ရမ်းပြခဲ့တယ်လို့ ရှင်းပြပါတယ်။
ကလေးရဲ့ ရဲရင့်မှုအတွက် ဖို့တ်စမစ်သ်ရဲဌာနက “တနေ့တာအကြီးအကဲ” အဖြစ် အမည်ပေးပြီး ဘုတ်အဖွဲ့အစည်းအဝေးမှာ ဌာနရဲ့ အသက်ကယ်ဆယ်ရေးဆု ကလေးကို ပေးအပ်ခဲ့တယ်လို့ ဖိုက်နယူးစ်သတင်းမှာ ဒီဇင်ဘာလ ၆ ရက်နေ့က ဖော်ပြထားပါတယ်။