Home
မြန်မာသတင်း
မြန်မာ့​ခရီး​သွား​လုပ်ငန်း​ အရှိန်မထိန်း​နိုင်မှာ စိုး​ရိမ်ရဟုဆို
နေသွင်
·
April 18, 2012
မကြာခင်လပိုင်း​အတွင်း​ မြန်မာပြည်ကို နိုင်ငံခြား​ဧည့်​သည်​တွေ ရုတ်တရက် အဝင်များ​နေတဲ့​အတွက် ​ရေရှည်မှာ စိုး​ရိမ်စရာဖြစ်လာတယ်လို့​ ရန်ကုန်အ​ခြေစိုက် ခရီး​သွား​လုပ်ငန်း​ တာဝန်ရှိသူတဦး​က ​ပြောပါတယ်။ လော​လောဆယ် မြန်မာပြည်က နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​ ပွင့်​လင်း​ခါစမှာ နိုင်ငံ့​ခေါင်း​ဆောင်​တွေ၊​ စီး​ပွား​ရေး​သမား​ အုပ်စု​တွေက အလုံး​အရင်း​နဲ့​ လာ​နေတာ​ကြောင့်​ အပန်း​ဖြေခရီး​ လာ​ရောက်သူ​တွေအတွက် အဆင်မ​ပြေ ဖြစ်ကုန်တယ်လို့​ အမည်မ​ဖော်လိုတဲ့​ တာဝန်ရှိသူက ​ပြောပါတယ်။ “နိုင်ငံခြား​သား​ ခရီး​သည်​တွေအတွက်က ​ဈေး​တွေမြင့်​သွား​တယ်။ ဘာ​ကြောင့်​လည်း​ဆို​တော့​ ​တော်​တော်များ​များ​ နိုင်ငံ့​ကိုယ်စား​လှယ်အဖွဲ့​တွေ( state delegation)​ပေါ့​။ အခု ဗြိတိသျှ ဝန်ကြီး​ချုပ်လာတာတို့​။ တခြား​ဝန်ကြီး​တွေက ​နေ့​တိုင်း​လိုလို လာကြတယ်။ နိုင်ငံတကာက ဘတ်ဂျက်ရှိတယ်၊​ သုံး​နိုင်တဲ့​ အခါကျ​တော့​ ဟိုတယ်​တွေမှာ ​ဒေါ်လာ ၂၀၀၊​ ၃၀၀ ​ပေး​လည်း​ သူတို့​က ​နေနိုင်တယ်။ ​နောက်တခါ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေကလည်း​ ​နေပြည်​တော်နဲ့​ ရန်ကုန်နဲ့​ မန္တ​လေး​တို့​နေရာ​တွေမှာ အခန်း​တွေက ​လေလံတင်သလို ဟိုတယ်ကြီး​တွေက ​ဈေး​တွေ​ကောင်း​နေတယ်။ ​အောက်ကဟိုတယ်​လေး​တွေက ​ဈေး​တက်လာတဲ့​ အခါကျ​တော့​ နိုင်ငံခြား​သား​ ခရီး​သွား​တွေကိုပဲ အဓိက မဏ္ဍိုင်ထား​တဲ့​ ခရီး​သွား​လုပ်ငန်း​ ကုမ္ပဏီ​တွေနဲ့​ ​ဈေး​တွေက မငြိမ်တဲ့​အခါမှာ ဘယ်လိုမှ လုပ်လို့​မရဘူး​။ ဒါက ပြဿနာတခုလို့​ ​ပြောလို့​ရတယ်။ အဲဒါကို ဟိုတယ်ဇုန်ဝန်ကြီး​ဌာနက ညှိနှိုင်း​ပေး​တယ်။ ဒါ​ပေမယ့်​ ပြတ်သား​တဲ့​ အ​ဖြေတခု​တော့​ မထွက်​သေး​ဘူး​။” လော​လောဆယ် ရန်ကုန်၊​ မန္တ​လေး​၊​ ​နေပြည်​တော် မြို့​ကြီး​တွေ အပါအဝင် တနိုင်ငံလုံး​မှာ ဟိုတယ် အခန်း အ​ရေအတွက် ၂ ​သောင်း​ဝန်း​ကျင်ပဲ ရှိတဲ့​အတွက် ဧည့်​သည်​တွေ ဝင်လာတဲ့​နှုန်း​နဲ့​ ဆိုရင် နည်း​လွန်း​သေး​တယ်လို့​ ခရီသွား​လုပ်ငန်း​ရှင်များ​ အသင်း​က တာဝန်ရှိသူက ဆိုပါတယ်။ အရင်က တရက်ကို ​ဒေါ်လာ ၁၀၀ ​ပေး​ရတဲ့​ အခန်း​တွေဟာ အခု​နောက်ပိုင်း​မှာ ၂၀၀ က​နေ ၃၅၀ အကြား​ပေး​နေရလို့​ ရိုး​ရိုး​ကမ္ဘာ့​လှည့်​ ခရီး​သွား​တွေအတွက် ဝန်ပိလွန်း​နေတာကို သူက ​ထောက်ပြပါတယ်။ ဟိုတယ်အခန်း​ခ​တွေ ​ဈေး​ကြီး​ပေး​ရ​ပေမယ့်​ ဝန်​ဆောင်မှုအပိုင်း​မှာ ညံ့​ဖျင်း​တာ၊​ အရည်အချင်း​ ပြည့်​မီတဲ့​ ဧည့်​လမ်း​ညွှန် မလုံ​လောက်တာ၊​ သယ်ယူပို့​ဆောင်​ရေး​ အပိုင်း​မှာ အဆင်မ​ပြေမှု​တွေ​ကြောင့်​ ခရီး​သွား​တွေ တခါလာပြီး​ စိတ်ပျက်သွား​တာမျိုး​ ကြုံရင် ​ရေရှည်အတွက် ထိခိုက်နိုင်တယ်လို့​ ဆိုပါတယ်။ မြန်မာပြည်ဟာ နှစ်​ပေါင်း​အတန်ကြာ​အောင် နိုင်ငံတကာနဲ့​ အဆက်ပြတ်​နေရာက​နေ လက်ရှိ နိုင်ငံ​ရေး​ပြုပြင်​ပြောင်း​လဲမှု​တွေ​ကြောင့်​ နိုင်ငံတကာက စိတ်ဝင်စား​စရာ ဖြစ်လာတာပါ။ ၂၀၁၁ ခုနှစ်အတွင်း​ မြန်မာပြည်ကို ကမ္ဘာ့​လှည့်​ခရီး​သွား​ ၈ သိန်း​ကျော် ဝင်​ရောက်ခဲ့​ပြီး​၊​ ၂၀၁၀ ကထက် ၃၀ ရာခိုင်နှုန်း​ တိုး​တက်လာခဲ့​ပါတယ်။ ပစိဖိတ်အာရှခရီး​သွား​အဖွဲ့​ (ပီ​အေတီ​အေ)ရဲ့​ ခန့်​မှန်း​ချက်အရ မြန်မာပြည်ဟာ ၂၀၁၂ အတွင်း​ ကမ္ဘာလှည့်​ခရီး​သွား​လုပ်ငန်း​ တိုး​တက်မှုနှုန်း​ အမြင့်​ဆုံး​ နိုင်ငံတနိုင်ငံ ဖြစ်လာဖွယ်ရှိပြီး​ ဧည့်​သည်ဝင်​ရောက်မှုလည်း​ အရင်တနှစ်ထက် ၂၅ ရာခိုင်နှုန်း​ တိုး​တက်နိုင်တယ်လို့​ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024