အမျိုးသားတဦးအား ပစ်သတ်ခဲ့သည့် ရဲအရာရှိ အပြစ်မရှိကြောင်း တရားရုံး ဆုံးဖြတ် (ရုပ်သံ)

လက်နက်မဲ့ အမျိုးသားတယောက်ကို အသေပစ်သတ်ခဲ့တဲ့ ရဲအရာရှိတယောက်ကို ဒုတိယအဆင့် လူသတ်မှုနဲ့ အပြစ်မရှိဘူးလို့ အမေရိကန်နိုင်ငံ အရီဇိုးနား ပြည်နယ် တရားသူကြီးက ဒီဇင်ဘာ ၇ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။ ဖီးနစ်မြို့ ဆင်ခြေဖုံးက မေဆာဟိုတယ်ခန်း အပြင်ဘက်မှာ ထိပ်တိုက် တွေ့နေတုန်း ဒယ်နီယယ်ရှာဗာကို အသေပစ်သတ်မှုအတွက် အသက် ၂၅ နှစ်အရွယ် အရာရှိ ဖိလစ် ဘရေးစ်ဖို့ဒ်ဟာ တရားစွဲ ခံခဲ့ရပါတယ်။ အသက် ၂၄ နှစ်အရွယ် ဒယ်နီယယ် ရှာဗာဟာ ရဲအရာရှိတွေဆီ ချဉ်းကပ်သွားချိန်မှာ သူ့ညာလက်ကို သူ့ခါးပတ်နားကို ရွှေ့ခဲ့လို့ အသေပစ်သတ်ခဲ့ရတာလို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။ ဒေသခံ မီဒီယာတွေကတော့ ရှာဗာဟာ သူ့ဘောင်းဘီကို ဆွဲတင်ဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးမှု အတွင်းသတင်းတွေက ဆိုကြောင်း အစီရင် ခံခဲ့ပါတယ်။ ရှာဗာဟာ ကျည်ဆံငါးချက် ထိမှန်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာပါ။ ရဲအရာရှိရဲ့ ကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာက ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာတော့ ရဲက လက် ၂ ဖက် လေထဲမြှောက်ထားပြီး ဒူးထောက်ထားတဲ့ ရှာဗာကို သေနတ်ရှည်နဲ့ ချိန်ထားပါတယ်။ ရဲအရာရှိဆီ တွားသွားဖို့ ရှာဗာအား ညွှန်ကြားသံကို နာမည်မဖော်တဲ့ နောက် အရာရှိတယောက်က ကြားခဲ့တာပါ။ အဲဒီနောက် သေနတ်မောင်း ဖြုတ်သံကို ကြားခဲ့ကြပါတယ်။ ရဲဟာ သင်တန်းက လေ့ကျင့်ပေးထားတဲ့အတိုင်း လှုပ်ရှားခဲ့တယ်လို့ အရာရှိက ယုံကြည်ခဲ့ကြောင်း ရဲရဲ့ ရှေ့နေက ပြောပါတယ်။ အခင်းဖြစ်ချိန်မှာ တခြား အရာရှိငါးယောက်လည်း အတူ ရှိနေခဲ့တယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ အမေရိကန် နိုင်ငံထဲမှာ ဥပဒေ အာဏာတည်စေရေး အဖွဲ့ဝင်တွေက လူသေတဲ့အထိ အင်အားသုံး နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုကြီးလာနေတာပါ။ နိုင်ငံတလွှား လက်နက်မဲ့ လူတွေကို ရဲတွေက ပစ်ခတ်မှု ဆက်တိုက် ပေါ်ထွက်လာတဲ့ အထဲက ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up