၅ ထပ်တိုက်မှ တွဲလောင်းကျနေသည့် အိမ်အကူအမျိုးသမီးကို စင်ကာပူရဲ ကယ်တင်

စင်ကာပူနိုင်ငံ ဘူကစ်ပန်ဂျန်မြို့မှာ ၅ ထပ်တိုက်ခန်းမှ တွဲလောင်းကျနေတဲ့ အိမ်အကူအမျိုးသမီးကို ဒီဇင်ဘာ ၆ ရက်နေ့က ရဲတွေက အသက်အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မြို့ရဲ့ ရင်းလမ်းပေါ်က တိုက်နံပါတ် ၂၄၁ တိုက်ခန်းတခန်း အစွန်းဘောင်ပေါ်မှာ မနက် ၈ နာရီလောက်က အမျိုးသမီးတဦး ရပ်နေတယ်ဆိုပြီး အကြောင်းကြားခဲ့လို့ ပြည်သူ ၂ ဦးနဲ့အတူ အသက် ၂၄ နှစ်အရွယ် အိမ်အကူအမျိုးသမီးကို အန္တရာယ်ကင်းစွာ အခန်းထဲ ဆွဲတင် ကယ်ဆယ်နိုင်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ အမျိုးသမီးက တိုက်ခန်းတခန်းထဲမှာ သူ့ဘာသာ မတော်တဆ တံခါးချက်ကျသွားပြီး တံခါးဖွင့်မရတာလို့ ချန်နယ်နယူးစ်အေးရှားသတင်းဌာနမှာ ရေးထားပြီး သူမက အခန်းထဲက တွယ်ထွက်ခဲ့ပြီး နောက်အခန်းတခန်းထဲကို ပြန်ဝင်ဖို့ ကြိုးစားခဲ့တာပါ။ လူမှုကွန်ရက်ထဲမှာ ပျံ့နှံ့နေတဲ့ ရုပ်သံထဲမှာ ဘောင်းဘီတိုနဲ့ တီရှပ်ဝတ်ဆင်ထားတဲ့ အမျိုးသမီးက တိုက်ခန်းတခန်း အိပ်ခန်းရဲ့ အစွန်းဘောင်ပေါ်မှာ မတ်တတ်ရပ်နေတာ မြင်ရပါတယ်။ အိမ်အကူအမျိုးသမီးရဲ့ အလုပ်ရှင်လို့ ယူဆရတဲ့ နောက်အမျိုးသမီးတဦးကလည်း တိုက်ဝရန်တာက ထွက်လာပြီး ဝရန်တာဘောင်ကို ကျော်ကြည့်ကာ အိမ်အကူအမျိုးသမီး သူမဆီကို လာဖို့ လက်ယပ် လှမ်းခေါ်နေတာလည်း တွေ့ရပါတယ်။ ဖိနပ်မစီးထားတဲ့ အိမ်အကူအမျိုးသမီးက သူမ ရပ်နေတဲ့ အိပ်ခန်းပြတင်းပေါက်ဘက်ကနေ လှည့်ထွက်လာပြီး အလုပ်ရှင်ရှိရာကို နံရံတွေကိုကိုင်ကာ အခန်းအစွန်းဘောင်တွေပေါ်ကနေ သတိကြီးကြီးထားပြီး လျှောက်သွားပါတယ်။ သူမ ဘောင်ရဲ့ အစွန်းကို ရောက်သွားချိန်မှာတော့ သူမရဲ့ အလုပ်ရှင်က ဝရန်တာဘောင်တွေကို ကျော်ပြီး သူမကို အခန်းအတွင်းထဲ ဆွဲတင်ပါတယ်။ ဒါပေမယ့် အချိန်အဆလွဲသွားလို့ အိမ်အကူက အခန်းထဲ မရောက်လာဘဲ ဝရန်တာဘောင်ကို တွဲလောင်းခိုရက်သား ဖြစ်နေချိန် ရဲအရာရှိ ၄ ဦးနဲ့ အိမ်နီးချင်းတွေ ရောက်လာက အိမ်အကူကို အန္တရာယ်ကင်းကင်းနဲ့ အခန်းထဲ ဆွဲတင်နိုင်ခဲ့တာပါ။ ကယ်တင်မှုတခုလုံး အချိန် ၁ မိနစ်ကျော်ကျော်သာ ကြာခဲ့ပြီး ဘယ်သူ့ကိုမှ ဆေးရုံပို့ဆောင်ရတာ မရှိဘူးလို့ စင်ကာပူနိုင်ငံ အရပ်သားကာကွယ်ရေးတပ်က ပြောကြောင်း ချန်နယ်နယူးစ်အေးရှားမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up