ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုမှု မထောက်ခံကြောင်း ပြင်သစ်ပြော

ဓာတ်ပုံ - ရိုက်တာ
1.9K
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဂျေရုဆလင်မြို့ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့တဲ့ ကိစ္စကို မထောက်ခံဘူးလို့ ပြင်သစ်သမ္မတ မတ်ခွန်းက ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်အစိုးရ အဆက်ဆက်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပြောင်းပြန်လှန်ပစ်လိုက်တဲ့ ဒေါ်နယ်ထရမ့်ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ပြင်သစ်သမ္မတ မတ်ခွန်းက ပြောကြားရာမှာ “ဝမ်းနည်းစရာကောင်းတဲ့ ဆုံးဖြတ်ချက်ပါ။ ပြင်သစ်ကတော့ လက်မခံပါဘူး။ ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေနဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အားလုံးနဲ့ ဆန့်ကျင်ပါတယ်။ ဂျေရုဆလင် အနေအထားက နိုင်ငံတကာလုံခြုံရေးအတွက် အဖြေပေးရမယ့် မေးခွန်းတခုပါ။ ဒီကိစ္စက နိုင်ငံတကာ အသိုင်းအဝိုင်းတခုလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ ကျနော် ထပ်ပြောပါမယ်။ ဂျေရုဆလင်ကိစ္စက အစ္စရေးနဲ့ ပါလက်စတိုင်းတို့ရဲ့ ကုလသမဂ္ဂ အကူအညီနဲ့လုပ်တဲ့ ဆွေးနွေးညှိနှိုင်းမှု မူဘောင်အတွင်းကပဲ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။”
“ကျနော် သတိပေးလိုတာက ပြင်သစ်နဲ့ ဥရောပဟာ အစ္စရေး-ပါလက်စတိုင်း နိုင်ငံနှစ်ငံ ပူးတွဲတည်ရှိမှုကို ကိုင်စွဲထားတာပါ။ ဂျေရုဆလင်မြို့ဟာ နှစ်နိုင်ငံစလုံးရဲ့ မြို့တော်အဖြစ်နဲ့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ နယ်နိမိတ်အတွင်း ငြိမ်းချမ်းလုံခြုံတဲ့ နှစ်နိုင်ငံအဖြစ် ပူးတွဲတည်ရှိဖို့ပါ” လို့ ပြင်သစ်သမ္မတ မတ်ခွန်းက ပြောကြားသွားတာ ဖြစ်ပါတယ်။