Home
မြန်မာသတင်း
မ​ကွေး​တိုင်း​ ကံမမြို့​ အခင်း​ဖြစ်ပွား​မှု ပြန်လည်​အေး​ချမ်း
အေးနိုင်
·
April 17, 2012
မ​ကွေး​တိုင်း​ ကံမမြို့​နယ်မှာ သင်္ကြန်ရက်ပိုင်း​အတွင်း​ ဖြစ်ပွား​ခဲ့​တာ​တွေဟာ ဘာသာ​ရေး​နဲ့​ လူမျိုး​ရေး​အဓိကရုဏ်း​မဟုတ်ဘဲ အခုအခါ ပြန်လည်​အေး​ချမ်း​နေပြီလို့​ ဒီအခင်း​ဖြစ်ပွား​မှုကို ထိန်း​သိမ်း​ပေး​ရာမှာ ပါဝင်ခဲ့​တဲ့​ ကံမမြို့​ ဓမ္မိကာရုံ​ကျောင်း​တိုက်​နေ ဦး​ပဉ္စင်း​ ဦး​ဇာဂရက မိန့်​ကြား​ပါတယ်။ ကံမမြို့​နယ်မှာ ၂ ရာခိုင်နှုန်း​ခန့်​သာရှိတဲ့​ မွတ်စလင်ဘာသာဝင်​တွေနဲ့​ ကျန်ဘာသာဝင်​တွေဟာ အစဉ်အဆက် ​အေး​အတူပူအမျှ​နေထိုင်ခဲ့​တဲ့​အ​ကြောင်း​နဲ့​ အခုဖြစ်ရပ်မှာ အပျက်အစီး​တချို့​ ရှိခဲ့​တာ မှန်​ပေမယ့်​ သက်ဆိုင်ရာ အုပ်ချုပ်​ရေး​အာဏာပိုင်​တွေနဲ့​ ဘုန်း​တော်ကြီး​တွေရဲ့​ ဝင်​ရောက်ဖျန်​ဖြေမှု​ကြောင့်​ အ​ခြေအ​နေ ​အေး​ဆေး​ငြိမ်သက်သွား​ပြီလို့​ ဦး​ပဉ္စင်း​ ဦး​ဇာဂရက မိန့်​ကြား​သွား​ပါတယ်။ ဒီလ ၁၃ ရက်​နေ့​ညက မြန်မာလူမျိုး​တဦး​နဲ့​ အိန္ဒိယနွယ်ဖွား​တဦး​ အချင်း​များ​ရာက စီး​ပွား​ရေး​ဆိုင်တချို့​ ဖျက်ဆီး​ခံခဲ့​ရတဲ့​ သတင်း​ဟာ ဘာသာ​ရေး​အဓိကရုဏ်း​၊​ လူမျိုး​ရေး​အဓိကရုဏ်း​လိုလို ပျံ့​နှံ့​ခဲ့​ပါတယ်။ ဒီ​နောက်မှာ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က နိုင်ငံတွင်း​ ​နေထိုင်ကြသူအချင်း​ချင်း​ သည်း​ခံကြဖို့​၊​ မဖြစ်ကြ​တော့​ဖို့​ ​မေတ္တာရပ်ခံ ပန်ကြား​ခဲ့​ပါတယ်။ ​စောင့်​ကြည့်​ထိန်း​သိမ်း​နေတဲ့​ ကံမမြို့​ခံ လူရွယ်တဦး​ကလည်း​ အဓိကရုဏ်း​ မဟုတ်ဘဲ လူအုပ်ဟာ ကံမမြို့​က အိန္ဒိယနွယ်ဖွား​ အနည်း​ငယ်ရဲ့​ ဆိုင်တချို့​ကိုသာ ​ရွေး​ပြီး​ ဖျက်ဆီး​ခဲ့​တာဖြစ်ပြီး​ ဘုန်း​တော်ကြီး​တွေနဲ့​ သက်ဆိုင်ရာ အာဏာပိုင်​တွေရဲ့​ ထိန်း​သိမ်း​မှု​ကြောင့်​ ပြန်လည် ​အေး​ချမ်း​စပြု​နေပါပြီလို့​ ​ပြောပါတယ်။ ဒီလိုအဖြစ်အပျက်နဲ့​ ပတ်သက်လို့​ မန္တ​လေး​မြို့​ မစိုး​ရိမ်တိုက်သစ်က ဆရာ​တော် ဦး​ဝီရသူက ဒီလိုအခင်း​တွေနဲ့​ ပတ်သက်လို့​ အကျယ်အကျယ် မဖြစ်ရ​အောင် သက်ဆိုင်ရာ ဘာသာ​ရေး​ခေါင်း​ဆောင်​တွေ အချင်း​ချင်း​ ​တွေ့​ဆုံခွင့်​ပေး​ပြီး​ ညှိနှိုင်း​လုပ်​ဆောင်ဖို့​ တိုက်တွန်း​ မိန့်​ကြား​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024