A d v e r t i s e m e n t With Us

လက်ပံတောင်းတောင်သပိတ်စခန်းကို လုံထိန်းရဲများက အင်အားသုံးဝင်ရောက်ဖျက်သိမ်း

  စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မုံရွာ-ပုသိမ် လမ်းဘေးရှိ မိုးကြိုးပြင် အလယ်ရွာထိပ်မှာ ဖွင့်လှစ်ထားတဲ့ လက်ပံတောင်းတောင် သပိတ်စခန်းကို ဒီဇင်ဘာ ၇ ရက် မနက် ၄ နာရီက လုံထိန်းရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ဖျက်သိမ်းသွားပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတောင်သူတွေက စုံစမ်း စစ်ဆေးရေးကော်မရှင်အစီရင်ခံစာအတိုင်း အစားထိုးလယ်ယာမြေဧက ၁၉၀၀ ကျော်ကို ဖော်ထုတ်ပေးဖို့နဲ့ သီးနှံလျော်ကြေး ရရှိဖို့အတွက် အခုလို သပိတ်စခန်းဖွင့်တောင်းဆိုထားတာပါ။ မိုးကြိုးပြင်ကျေးရွာက ကိုဖိုးစနေက“မနက် ၄ နာရီလောက်က ဖောကားတစ်စင်းနဲ့ ကား အလတ်တစ်စင်းထဲမှာ အပြည့် တင်လာတဲ့ လုံထိန်းအင်အား ရာဂဏန်းလောက်ရောက်လာတယ်။ နောက်ပြီး လက်နက်တွေနဲ့ ချိန်ထားပြီးတော့ တစ်ယောက်မှ မလှုပ်ဖို့ ပြောတယ်။ သပိတ်စခန်းမှာက ဒေသခံတောင်သူ ၁၇ ယောက်လောက်ရှိတာ။ အလံတွေ၊ တိုင်တွေ အကုန်ဖျက်စီးသွားတယ်”လို့ ပြောပါတယ်။ သပိတ်စခန်းမှာ တပ်ဆင်ထားတဲ့ ပိုစတာ ၅ ခုနဲ့ လက်ပံတောင်းတောင်အလံအပါဝင် အလံ ၁၂ လက်ကို ဖြုတ်သွားပြီး တိုင်တွေပါ ဖျက်သိမ်းသွားတယ်လို့ သိရပါတယ်။ မိုးကြိုးပြင်သပိတ်စခန်းကို လွန်ခဲ့ ၂ လ လောက်က စတင်ကာ ဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာလက ပုသိမ်-မုံရွာလမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ ဝမ်ပေါင်ကုမ္ပဏီကြေးနီတင် ကားတွေကို ပိတ်ဆို့ကာ အခုလို တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။ သတင်း - ရန်နိုင်စိုး

A d v e r t i s e m e n t With Us

More News
Up