Home
မြန်မာသတင်း
မြန်မာ့ဘိန်းစိုက်ပျိုးမှု သိသိသာသာ ကျဆင်းဟု UNODC စစ်တမ်းထုတ်ပြန်
DVB
·
December 7, 2017
အစိုးရသစ်လက်ထက် ၂၀၁၇ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု သိသိသာသာ လျော့နည်းကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က စစ်တမ်းထုတ်ပြန်လိုက်ပါတယ်။ ၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်း အစီရင်ခံစာကို ဒီဇင်ဘာ ၆ ရက်က နေပြည်တော်ရှိ Kempinski ဟိုတယ်မှာ အခမ်းအနားနဲ့ ထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၅ ခုနှစ်မှာ စုစုပေါင်း ဟတ်တာ ၅၅,၅၀၀ ရှိရာက ၂၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၂၀၁၇ ခုနှစ်မှာ ဟက်တာ ၄၁,၀၀၀ ပဲရှိတော့တယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု အဓိကကျဆင်းသွားတာဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာတော့ နည်းနည်းပဲ ကျဆင်းတယ်လို့ ဆိုပါတယ်။ UNODC ရဲ့ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ ဌာနေကိုယ်စားလှယ် ဂျယ်ရမီဒေါက်ဂလပ်စ်ကတော့  “ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ထိုးကျသွားခဲ့တာကို ကြိုဆိုရမှာပါ။ ဒါပေမယ့် ဒါဟာ အောင်မြင်မှုတခုတော့ မဟုတ်သေးပါဘူး”လို့ ပြောပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ  အာဖဂန်နစ္စတန်ပြီးရင် ဒုတိယ ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။   အရှေ့တောင်အာရှ ဒေသတွင်းမှာလည်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်သလို  စိတ်ကြွမူးယစ်ဆေး ထုတ်လုပ်မှုရဲ့ အဓိကရင်းမြစ်တခု ဖြစ်တယ်လို့ လည်း UNODC အစီရင်ခံစာတွေမှာ ရေးသားဖော်ပြပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ  ၂ဝဝ၆ ခုနှစ်က ဟက်တာ ၂၁၅ဝဝ အထိ အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ၂ဝဝ၇ ခုနှစ် မှ ၂ဝ၁၃ ခုနှစ်ထိ ပြန်လည်မြင့်တက်ခဲ့ကာ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်ထိ အထိုက်အလျောက် ကျဆင်းခဲ့ရာမှ ၂ဝ၁၇ ခုနှစ်မှာ သိသိသာသာ ကျဆင်းလာခဲ့တာကို စစ်တမ်းအရ သိရပါတယ်။ ဘိန်းစိုက်ပျိုးမှုကို ရှမ်းပြည်နယ်မှာ အများဆုံးစိုက်ပျိုးကြပြီး ကချင်၊ ချင်းနဲ့ ကယားပြည်နယ်တို့မှာလည်း  စိုက်ပျိုးနေတာ ရှိပါတယ်။ မြန်မာအစိုးရကတော့ ၁၉၉၉ ခုနှစ်မှာ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းနဲ့ နောက်တိုး ၅ နှစ် စီမံကိန်းတွေကို ၂ဝ၁၉ ခုနှစ်ထိ ရေးဆွဲ ဆောင်ရွက်နေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးနဲ့ လွိုင်လင်ဒေသတွေမှာ ဘိန်းအစားထိုးသီးနှံအဖြစ် ကော်ဖီစိုက်ပျိုးတာနဲ့ စီးပွားဖြစ် သစ်တောစိုက်ပျိုးထိန်းသိမ်းမှုတွေကို  ဥရောပသမဂ္ဂ(အီးယူ)နဲ့ ဂျာမနီနိုင်ငံတို့ရဲ့ အကူအညီနဲ့ ဆောင်ရွက်နေပြီး၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်ကိုလည်း ပြီးခဲ့တဲ့  နိုဝင်ဘာလမှာ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024