Home
မြန်မာသတင်း
ကျိုက်ထိုဟိုတယ် ပြင်ဆင်ဆောက်လုပ်နေမှု မွန်ပြည်နယ် ဝန်ကြီးချုပ် စစ်ဆေးခိုင်းထား
DVB
·
December 7, 2017
ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ကျိုက်ထိုဟိုတယ်မှာ အခန်းသစ် ပြင်ဆင် ဆောက်လုပ်နေမှုနဲ့ ပတ်သက်ပြီး ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေတာ ဟုတ်၊ မဟုတ် သိရှိနိုင်ဖို့အတွက် ပြည်နယ် စသုံးလုံးအဖွဲ့ကို စစ်ဆေးခိုင်းခဲ့တယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မီဒီယာတွေကို ပြောပါတယ်။ “ဘယ်လို အထောက်အထားတွေနဲ့ ဒါကို ဆောက်နေတာလဲ။ အခုလို ဆောက်နေတာက အမှန်တကယ်ပဲ ဘယ်က ခွင့်ပြုချက်ရထားလဲ။ MIC က ခွင့်ပြုထားတာ ဟုတ်၊ မဟုတ် သိချင်လို့ ပြည်နယ် စသုံးလုံးအဖွဲ့ကို စစ်ဆေးခိုင်းခဲ့တာ။” မွန်ဝန်ကြီးချုပ်အနေနဲ့ ပြည်နယ်ရှိ အချို့သော ကိစ္စရပ်များနှင့် ပြည်သူလူထုတွေရဲ့ ထင်မြင်ယူဆချက်တွေ ပြောဆိုချက်တွေ အစီရင်ခံစာရရှိမှုတွေနဲ့ ပတ်သက်ပြီး ပြည်နယ် စသုံးလုံးအဖွဲ့အား သွားရောက်စစ်ဆေးခိုင်းသည့် ဖြစ်စဉ်တွေရှိတယ်လို့လည်း ပြောပါတယ်။ ကျိုက်ထီးရိုးတောင်ပေါ်မှာ အဆောက်အဦသစ်တွေ ထပ်မံဆောက်လုပ်တဲ့ ကိစ္စရပ်တွေ ကို မလိုချင်တော့တဲ့အတွက် အခုလို စစ်ဆေးခိုင်းခဲ့တာဖြစ်ပြီး  ယင်းသို့ ဆောက်လုပ်နေမှုမှာ ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်နေတာဖြစ်လို့  ထပ်မံစစ်ဆေးဖို့ မလိုအပ်တော့ဘူးလို့လည်း မွန်ဝန်ကြီးချုပ်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျိုက်ထီးရိုးတောင်ပေါ်မှာရှိတဲ့ ရိုးရိုးလေးဟိုတယ်ကို စစ်ဆေးခဲ့ရာမှာ သတ်မှတ်အမြင့်ပေထက် ပိုမိုဆောက်လုပ်တာတွေ အခန်းပို ဆောက်လုပ်မှုတွေ ရှိခဲ့တဲ့အတွက် ဥပဒေနဲ့အညီ ပြန်လည်ပြင်ဆင်ပြီး သတ်မှတ်အမြင့်ပေအထိ ဖျက်သိမ်းခိုင်းခဲ့တာတွေ ရှိခဲ့ပါတယ်။ သတင်း - ဟိန်းထက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024