၁ နှစ်ခွဲကျော်ကာလတွင်း မြေသိမ်းမှု ၂၀၀၀ ကျော် ဖြေရှင်းပေးနိုင်ခဲ့

  ၁ နှစ်ခွဲကျော်ကာလအတွင်း မြေသိမ်းအမှုပေါင်း ၁၂၀၀၀ ကျော်မှာ ၂၀၀၀ ကျော်  ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ လယ်ယာမြေနဲ့ တခြားမြေတွေ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ ကော်မတီ စတင်ဖွဲ့စည်းတဲ့ ၂၀၁၆ ခုနှစ် မေလကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအထိ စာရင်းတွေကို ထုတ်ပြန်လိုက်တာပါ။ ဒီကာလမှာ ရောက်ရှိလာတဲ့ တိုင်စာပေါင်းက ၅၇၃၅ စောင်ရှိပြီး ၅၄၃ မှုကို ဖြေရှင်းနိုင်တယ်ဆိုတာကြောင့် အမှုအသစ်ပေါင်း ဆယ်ပုံတပုံလောက်ပဲ ဖြေရှင်းနိုင်တာပါ။ တိုင်ကြားတာ အများဆုံးက ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းက တိုင်ကြားတာ ၁၈၂၃ နဲ့ အများဆုံးဖြစ်ပြီး ၆၇ မှု ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုင်ကြားတာ အနည်းဆုံးက ကယားပြည်နယ်က ဖြစ်ပြီး ၉ မှုမှာ ၃ မှုကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ပြီးတော့ ချင်းပြည်နယ်က အမှု ၁၉၀ မှာ ၃ မှု၊ တနင်္သာရီတိုင်းက ၆၉ မှုမှာလည်း ၃ မှုပဲ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အရင်အစိုးရလက်ထက် ကော်မတီက ဖြေရှင်းဖို့ ကျန်နေတဲ့ အမှုတွဲပေါင်း ၆၇၀၇ မှု ကျန်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒီလက်ကျန် အမှုတွေထဲက ဖြေရှင်းနိုင်ခဲ့တာကတော့ ၁၉၇၇ မှု ဖြစ်ပါတယ်။ နိုင်ငံတဝန်းက မြေယာသိမ်းဆည်းမှုတွေမှာ အစိုးရဌာနတွေ၊ တပ်မတော်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ပါဝင်ကြတာပါ။ ဒီကိစ္စတွေ ဖြေရှင်းရာမှာလည်း သိမ်းဆည်းရာမှာ ပါခဲ့တဲ့ အုပ်ချုပ်ရေးပိုင်းတွေကြောင့် ဖြေရှင်းဖို့ ခက်နေတာတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်တုန်းကလည်း ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပေမယ့် လွှတ်တော်သက်တမ်းအတွင်း မြေကိစ္စ ပြီးပြတ်အောင် ဖြေရှင်းဖို့ မလွယ်ဘူးလို့ သူရဦးရွှေမန်းက ပြောခဲ့ဖူးပါတယ်။

More News
Up