ဂျပန်တွင် နစ်ဆန်းကားကုမ္ပဏီ မောင်းသူမဲ့ အငှားယာဉ် စမ်းသပ်ပြေးဆွဲမည်

NISSAN
နစ်ဆန်းကားထုတ်လုပ်ရေး ကုမ္ပဏီဟာ ဂျပန်နိုင်ငံမှာ မောင်းသူမဲ့ အငှားယာဉ်တွေ မကြာခင် စမ်းသပ်ပြေးဆွဲသွားမယ်လို့ ဘီဘီစီသတင်းမှာ ဒီဇင် ဘာလ ၅ ရက်နေ့က ဖော်ပြပါတယ်။ ကုမ္ပဏီအနေနဲ့ ဂျပန်ဆော့ဖ်ဝဲကုမ္ပဏီ ဒီနာ (DeNA)နဲ့ ပူးပေါင်းသွားမှာဖြစ်ကာ လာမယ့် ၂၀၁၈ ခုနှစ် မတ်လမှာ စတင်သွားမယ်လို့ ဆိုပါတယ်။ ခုစမ်းသပ်ပြေးဆွဲမယ့် မောင်းသူမဲ့ အငှားယာဉ်ဟာ နစ်ဆန်းလိဖ်လျှပ်စစ်ကားကို မွမ်းမံပြင်ဆင်လိုက်တာဖြစ်ပြီး ခရီးသည်တွေအနေနဲ့ အပလီကေးရှင်းကို အသုံးပြုပြီး ဆင့်ခေါ်စီးနင်းနိုင်တယ်လို့ ဆိုပါတယ်။ စမ်းသပ်ပြေးဆွဲမယ့် နေရာကတော့ ယိုကိုဟားမားမြို့မှာဖြစ်ပြီး အချိန် ၂ ပတ်ကြာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ နစ်ဆန်းရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ ဒီရည်မှန်းချက်ဟာ သုံးစွဲသူတွေကို မိုဘိုင်းအပလီကေးရှင်းကတဆင့် ကားကို ဆင့်ခေါ်ပြီး ကိုယ်သွားလိုတဲ့ ခရီးဆီရောက်နိုင်စေဖို့ ဖြစ်တယ်လို့ ဖော်ပြထားတာပါ။ စမ်းသပ်ပြေးဆွဲချိန်ကာလမှာတော့ ဂျပန်နိုင်ငံတွင်း ဥပဒေနဲ့အညီ ကူညီပေးမယ့် ဝန်ထမ်းတဦးကို ထားရှိပေးဦးမယ်လို့ ဆိုပါတယ်။ ဒါကို စမ်းသပ်သုံးစွဲကြည့်ချင်သူတွေအနေနဲ့ လာမယ့် ဇန်နဝါရီ ၁၅ ရက်နေ့ထက် နောက်မကျစေဘဲ ကိုယ်သွားလိုတဲ့ ခရီးစဉ်၊ ဒါမှမဟုတ် ရှုခင်းကြည့်ခရီးစဉ်ကို ရွေးချယ်ပြီး စာရင်းပေးသွင်းထားရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up