ချောက်တွင် ရေနံယိုစိမ့်မှုကြောင့် ရေနံစည် ၆၉ စည် ဆုံးရှုံး
DVB
·
December 6, 2017
ချောက်မြို့နယ် ရေနံမြေမှာ ဒီဇင်ဘာ ၅ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က ချောက်ရေနံချက်စက်ရုံကို သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်း ယိုစိမ့်ခဲ့ပြီး ရေနံစည် ၆၉ စည်လောက် ဆုံးရှုံးခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။
ချောက်မြို့ မြောက်ဘက်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းပိုင် အမှတ် ၂ ရေနံချက်စက်ရုံအနီး ချောက်ရေနံမြေ ပင်မသိုလှောင်ကန်မှ ဧရာဝတီမြစ် ရေနံတင်သင်္ဘောကို ပို့လွှတ်တဲ့ ၆ လက်မ ရေနံပိုက်လိုင်း အလယ်မှာ ထိန်းချုပ်ထားတဲ့ဘား ရေနံဖိအားကြောင့် ပွင့်ထွက်၍ ရေနံယိုထွက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ရေနံလိုင်းယိုစိမ့်မှုကို မြို့နယ်မီးသတ်ဌာနမှ မီးသတ်ယာဉ် ၂ စီး၊ ရေနံမီးသတ်မှ မီးသတ်ယာဉ် ၂ စီး၊ အကူရေသယ်ယာဉ် ၁ စီးတို့နဲ့ တစီးကို ငါးခေါက်လောက် ရေနဲ့ ရှင်းလင်းတာ၊ အငွေ့တွေ ဖယ်ရှားတာတွေ ဆောင်ရွက်ခဲ့ရတယ်လို့ ချောက်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးညွှန့်က ပြောပါတယ်။
ဒါ့အပြင် ယိုစိမ့်လာတဲ့ ရေနံတွေကို အနီးနားဝန်းကျင်က ပြည်သူတွေ ခပ်ယူတာတွေ ရှိခဲ့ပါတယ်။
ဒါကြောင့် အနီးဝန်းကျင်က နေအိမ်တွေကို မီးမသုံးစွဲဖို့ ပညာပေး ပြောကြားခဲ့သလို ရေနံယိုစိမ့်နေမှုကို ရေနံမန်နေဂျာအပါဝင် အင်ဂျင်နီယာအဖွဲ့က နေ့လယ်ပိုင်းမှာ ဖလန်းပြားတွေနဲ့ ဖာထေးပြုပြင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ ယိုစိမ်တဲ့ ဘားအား ပြုပြင်ဖို့ ဖြုတ်ထားပြီး အဲဒီနေရာကို တားမြစ်ဧရိယာအဖြစ် ယာယီပိတ်ထားကာ ရေနံမီးသတ်ဌာနပိုင် မီးသတ်ယာဉ် တစင်း အချိန်ပြည့်စောင်ကြပ်နေကြောင်း သိရပါတယ်။
ကိုလင်း(ချောက်)