ရိုဟင်ဂျာကိစ္စ လူ့အခွင့်အရေးကောင်စီအထူးအစည်းအဝေးကျင်းပ၊ စုံစမ်းစစ်ဆေးရန်တောင်းဆို
DVB
·
December 5, 2017
ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကျူးလွန်သူတွေကို နိုင်ငံတကာပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်အကြီးအကဲက တောင်းဆို လိုက်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၅ ရက် မနက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အထူးအစည်းအဝေးခေါ်ယူကျင်းပရာမှာ တောင်းဆိုလိုက်တာပါ။
ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေရဲ့တောင်းဆိုချက်အပေါ် အမေရိကန်နဲ့ ယူကေအပါအ၀င် နိုင်ငံပေါင်း ၇၃ နိုင်ငံရဲ့ ထောက်ခံမှုနဲ့ ဒီအစည်းအဝေးကို ခေါ်ယူ ကျင်းပတာဖြစ်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျယ်ကျယ်ပျံ့ပျံ့၊ စနစ်တကျနဲ့ ထိတ်လန့်စရာ လူမဆန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ဆယ်စုနှစ်များစွာ ခွဲခြားဆက်ဆံနှိပ်ကွပ်မှုတွေကို ရှုတ်ချတယ်လို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်မင်းကြီး ဇအစ်အယ်လ်ဟူစိန်ကပြောပါတယ်။