နေပြည်တော်တွင် HIV/AIDS ဝေဒနာရှင်များအတွက် ART ဆေးဝါးစင်တာများဖွင့်လှစ်
အောင်ကိုကိုလတ် (နေပြည်တော်)
·
December 5, 2017
နေပြည်တော်ကောင်စီနယ်မြေမှာ HIV/AIDS ဝေဒနာရှင်တွေအတွက် ART ဆေးဝါး အလွယ်တကူရရှိ ဆေးဝါးကုသမှုခံယူနိုင်ဖို့ စင်တာတွေနဲ့ ဆင့်ပွားဌာနတွေကို ဖွင့်လှစ်ထားတယ်လို့ ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပြောပါတယ်။
AIDS ရောဂါဝေဒနာခံစားနေရတဲ့ လူနာတွေအတွက် ပြုစုကုသပေးမှုအနေနဲ့ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ HIV တန့်ဆေး ART ဆေးကုသတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။
“HIV/AIDS ရောဂါဖြစ်ပွားမှုကြောင့် ခွဲခြားနိမ့်ချဆက်ဆံခံရတာ၊ စိတ်ပိုင်းလူမှုရေးပိုင်းဆိုင်ရာနဲ့ စီးပွားရေးအခက်အခဲတွေ ကြုံတွေ့ရတာအပြင် နာမကျန်း ဖြစ်တာနဲ့ သေဆုံးခြင်းများစွာ ဖြစ်ပေါ်ရခြင်းဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အပေါ်မှာ များစွာ ၀န်ထုပ်ဝန်ပိုဖြစ်စေပါတယ်”လို့ ဒေါက်တာမျိုးအောင်က ပြောပါတယ်။
ဒီနှစ် ကျရောက်တဲ့ World AIDS Day နေ့အခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာဗျူဟာ သာသနာ့ ဗိမာန်တော်ကြီးမှာ ဒီဇင်ဘာလ ၅ ရက်က ပြုလုပ်ခဲ့ရာမှာ ဒေါက်တာမျိုးအောင်က အဲဒီအခမ်းအနား အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
ART ဆေးကုသခြင်းလုပ်ငန်တွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆံ ပြည်သူ့ဆေးရုံကြီး၊ ပျဉ်းမနားမြို့၊ လယ်ဝေးမြို့နယ်နဲ့ တပ်ကုန်းမြို့နယ်တွေမှာ ART စင်တာ၅ ခု ဖွင့်လှစ်ထားပြီး ဆေးဝါးကုပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်ထဲက သီရိ ၄ မြို့နယ်မှာလဲ ART ဆင့်ပွားဌာနတွေ (Decentralized Sites) ဖွင့်လှစ် ဆောင်ရွက် နေတယ်လို့ သိရပါတယ်။