Home
မြန်မာသတင်း
ညောင်လေးပင်တွင် ရပ်ကွက်အလိုက် မှုခင်းကျဆင်းရေးတိုးမြှင့်ဆောင်ရွက်
DVB
·
December 5, 2017
  ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ ခိုးမှု၊ လုယက်မှု၊ အကြမ်းဖက်မှုတွေ မဖြစ်ပေါ်စေဖို့ နေ့ဘက်ညဘက်တွေမှာ ရပ်ကွက်အလိုက် မှုခင်းကျဆင်းရေးတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ မြို့မ စခန်းမှူးက ပြောပါတယ်။ အထက်ကညွှန်ကြားထားတာတွေရှိသလို ရဲတပ်ဖွဲ့ရဲ့ မူလရည်ရွယ်ချက်အတိုင်း ပြည်သူ လူထု ပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်းစနစ်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းကာ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းနဲ့ ရုတ်တရက်ရှောင်တခင်ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းတွေ ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ညောင်လေးပင်မြို့နယ် မြို့မစခန်းမှူး ဒု-ရဲမှူးဌေးဝင်းက “နေ့ခင်းဘက်တွေမှာ ဆိုရင် အရေးကြီး အဆောက်အဦတွေမှာ လုံခြုံရေးတွေချထားပါတယ်။ ဈေးမှာဆိုရင် အရပ်ဝတ် လှည့်ကင်းတွေ မှုခင်းဖြစ်ပွားတတ်တဲ့ နေရာတွေမှာဆိုရင် အလှည့်ကျစနစ်နဲ့ စောင့်ရှောက် ပေးပါတယ်။ အခုလိုမျိုး အရှိန်အဟုန်မြှင့် ဆောင်ရွက်လာတာကြောင့် လမ်းဘေး အရက်သေစာ သောက်စားမူးယစ်တာတို့ ရမ်းကားတာတို့ လုယက်တာတို့ လုံးဝကင်းရှင်းသလောက် ဖြစ်သွား ပါတယ်။”လို့ပြောပါတယ်။ ညောင်လေးပင်မြို့ပေါ်မှာ မနှစ်က ဇူလိုင်လ ပထမအပတ်ထဲမှာတင် ဆိုင်ကယ်ခိုးယူမှု ၃ ကြိမ်လောက် ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဆွဲကြိုးဖြတ် လုယက်မှုတွေ၊ လူကို ရိုက်ပြီး ဆိုင်ကယ် လုယူမှုတွေ ပိုက်ဆံအိတ် လုယူမှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ -နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024