Home
မြန်မာသတင်း
မဖြစ်နိုင်သည့်ကိစ္စများ အဆိုတင်သွင်းမှု အလေးအနက် စဉ်းစားရန် မွန်ဝန်ကြီးချုပ် တိုက်တွန်း
DVB
·
December 5, 2017
မွန်ပြည်နယ်လွှတ်တော်အတွင်း တင်ပြတဲ့ အဆိုပြုချက်တွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ အကောင်အထည်ဖော်ဖို့ ခက်ခဲတဲ့ မဖြစ်နိုင်တဲ့ ကိစ္စရပ်တွေကို လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အလေးအနက်စဉ်းစားဖို့ လိုအပ်တယ်လို့ ဒီဇင်ဘာ ၄ ရက်က ကျင်းပတဲ့ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။ မုဒုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်ရဲ့ အနံ့ဆိုးရေဆိုး ထုတ်လွှတ်တဲ့ ရော်ဘာစက်ရုံတွေကို အတည်တကျနေထိုင်တဲ့ လူထုနဲ့ဝေးရာသို့ ပြောင်းရွှေ့ပေးဖို့ တိုက်တွန်းတဲ့အဆိုကို သတ္တမပုံမှန်အစည်းအဝေးမှာ အတည်ပြုထားတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး အစိုးရရဲ့ဆောင်ရွက်နေမှု အခြေအနေကို မေးမြန်းခဲ့တဲ့အခါ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “မဖြစ်နိုင်တာကို တင်ပြလာတဲ့ အဆိုကိစ္စရပ်တွေကို လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အလေးအနက် စဉ်စားကြဖို့ လိုအပ်ပါတယ်၊ စီးပွားရေးအရ လုံးဝကျဆင်းသွားမယ့် အခြေအနေမျိုးကို အစိုးရအဖွဲ့အနေနဲ့ လုံးဝမလိုလားဘူး၊ ဒါကြောင့်မို့ ဒီအဆိုနဲ့ ပတ်သက်ပြီး အစကတည်းက ကျနော် ပြောပါတယ်။ EMP အစီအစဉ်အရ အကောင်အထည်ဖော်ပါလို့ပြောခဲ့ဖူးပါတယ် တခြားနေရာ ပြောင်းရွှေ့ဖို့အတွက် ပြောနေမယ်ဆိုရင်ကတော့ မဖြစ်နိုင်ဘူး မွန်ပြည်နယ်ရဲ့ စီးပွားရေးအတွက် အထိအခိုက်မခံပါဘူး" လို့ ပြောပါတယ်။ မွန်ပြည်နယ်ရဲ့ ၂၅ ရာခိုင်နှုန်း လူဦးရေမှာ ရော်ဘာလုပ်ငန်းအပေါ်မှာ မှီခိုနေရပြီး အဆိုပါ စက်ရုံတွေမှာ မွန်ပြည်နယ်ရာဘာရဲ့ ၃၀ ရာခိုင်နှုန်းကို ဝယ်ယူလုပ်ဆောင်နေတာဖြစ်ပြီး အဆိုပါ စက်ရုံတွေကို ပိတ်သိမ်းပါက မွန်ပြည်နယ်ရဲ့ စီးပွားရေးအခြေအနေ တုန့်ကနဲ့ ရပ်ဆိုင်းသွားမယ် အခြေမျိုးနဲ့ ကြုံတွေ့ရမှာဖြစ်တဲ့အတွက် အဆိုပါ စက်ရုံများကို ပိတ်သိမ်းဖို့နဲ့ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်က လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။ အဆိုပါ ပြောဆိုချက်နဲ့ပတ်သက်ပြီး လွှတ်တော်မှာအဆိုတခု အတည်ပြုပြီးပေမယ့်လည်း အစိုးရအဖွဲ့မှ အမှန်တကယ် မဆောင်ရွက်နိုင်ပါက အတည်ပြုပေးထားတဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ ဂုဏ်သိက္ခာကျဆင်းမှာဖြစ်ပြီး အတည်ပြုထားတဲ့ အဆိုတွေမှာလည်း အလကားဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကတော့ "အတည်ပြုထားတဲ့ အဆိုတွေနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့အနေနဲ့ ကိုယ့်ရဲ့ အကောင်အထည် ဖော်မှု အပိုင်းမှာ ဘယ်လို အခက်အခဲတွေရှိပြီး ဘယ်လိုအကျပ်အတည်းတွေ ရှိတယ်ဆိုတာကို တာဝန်ခံမှုအပိုင်းနဲ့ ရှင်းပြသင့်ပြီး လုပ်လို့မရတဲ့ ကိစ္စရပ်တွေကို အတင်းဆုံးဖြတ်ခဲ့တယ်လို့ ဒီအချိန်မှာ ပြောနေလို့ မရဘူး"လို့ လွှတ်တော်အစည်းအဝေးအပြီး မီဒီယာတွေကိုပြောပါတယ်။ လွှတ်တော်မှာ တင်သွင်းတဲ့အဆိုတခုကို အတည်ပြုဖို့အတွက် အဆင့်ဆင့် ဆွေးနွေးဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး အဆိုတခုကို အတည်ပြုပြီးပါက အစိုးရအဖွဲ့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၅၈(က) အရ လွှတ်တော်မှ ဆုံးဖြတ်ထားတဲ့ ကိစ္စရပ်တွေကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ တာဝန်ရှိတာဖြစ်ပါတယ်။ သတင်း - ဟိန်းထက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024