Home
ဆောင်းပါး
ဟောလိဝုဒ် လောကရဲ့ ဇာခန်းဆီး နောက်ကွယ်...
DVB
·
December 5, 2017
  ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းစလို့ ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်အနုပညာ ရပ်ဝန်းထဲက ပေါ်ထွက်လာတဲ့ နာမည်ကျော် ဟောလိဝုဒ်အနုပညာရှင်ကြီးတချို့ရဲ့ လိင်မှု ဖြစ်ရပ်ဇာတ်လမ်းကလေးတွေကို ကာယကံရှင်တချို့က ဖွင့်ချလာကြလို့ နိုင်ငံတကာက ရုပ်ရှင်ကြည့်ပရိသတ်တွေ မျက်ခုံးပင့်သွားကြ၊ စိတ်ဝင်တစား စူးစမ်းလာကြတဲ့ သတင်းတွေကတော့ စာဖတ်သူတွေ အနည်းနဲ့အများတော့ သိပြီး၊ ဖတ်ပြီး ဖြစ်ကြမယ် ထင်ပါတယ်။ ဟောလိဝုဒ် ဆိုတာကလည်း ကမ္ဘာ့ရုပ်ရှင်လောကရဲ့ ရှေ့ဆောင်အနုပညာရပ်ဝန်း ဖြစ်သလို နိုင်ငံတကာက အနုပညာရှင်တွေက နိုင်ငံတကာနဲ့ချီတဲ့ ရုပ်ရှင်ကားတွေ၊ ဖြစ်ရပ်မှန် အခြေပြု ရုပ်ရှင်ကားကြီးငယ်တွေကို ထုတ်လုပ်ရာနေရာ နိုင်ငံတကာ ရုပ်ရှင်ကြည့် ပရိသတ်တွေ အသည်းစွဲ ရုပ်ရှင်သရုပ်ဆောင်တွေ ကျင်လည် ကျက်စားရာ နေရာဖြစ်နေတော့ အဲဒီဇာခန်းဆီးနောက်က ဖြစ်ရပ်တွေကို စိတ်ဝင်စားကြတာလည်း မဆန်းလှပါဘူး။ ပရိသတ်တွေ အထင်ကြီး လေးစားအားကျ ချစ်ခင်ကြတဲ့ အနုပညာရှင် ကြီးငယ်တွေလည်း ခု လိင်မှုဇာတ်လမ်းတွေမှာ ပါဝင်လာတော့ ဟာ၊ ဟယ်နဲ့ တအံ့တသြ ဖြစ်သွားကြသူတွေလည်း ရှိကြပါတယ်။ လူဆိုတာကလည်း စိတ်ခံစားမှု အမျိုးမျိုး အထွေထွေ ရှိတတ်ကြတော့ အမှား ကျူးလွန်မိတတ်ကြတာကြောင့်လည်း “To err is human,to forgive is divine.” ဆိုတဲ့ စကား အထင်အရှား ရှိနေခဲ့တာ ဖြစ်ပါတယ်။ လူဆိုတာက အမှားလုပ်တတ်တာပဲ၊ ခွင့်လွှတ်ဖို့ကတော့ ဘုရားတို့ သူတော်စင်တို့ရဲ့ အလုပ်ပေါ့လေ။ အဲဒီလူတွေထဲမှာ ပါလာတဲ့ နာမည်ကျော် ဟောလိဝုဒ်ရပ်ဝန်းသားတွေအကြောင်း ပြောရင်တော့ အစပိုင်းမှာ အနည်းအကျဉ်းကနေ တဖြည်းဖြည်းနဲ့ အထုတပ်ဖြေလာကြရာကနေ အံ့သြစရာ ဦးရေ များပြားလာတာကို တွေ့ရပါတယ်။ ပထမဆုံး ဖွင့်ထုတ်ခံလိုက်ရသူကတော့ ဟောလိဝုဒ် ရုပ်ရှင်လောကက နာမည်ကျော် ထုတ်လုပ်သူတယောက် ဖြစ်တဲ့ ဟာဗေး ဝိန်းစတိန်းပါပဲ။ သူ့ကို အမျိုးသမီး သုံးယောက်အား မုဒိမ်းကျင့်မှုနဲ့ ဒါဇင်အတော်များများရှိတဲ့ အမျိုးသမီးတွေကို တကိုယ်ရေ လိင်စိတ်ဖြေပြမှု၊ သူ့ကိုယ်ကိုယ် ဖော်လှစ်ပြသမှုနဲ့ အလိုမတူဘဲ ကိုင်တွယ်မှုတွေနဲ့ ပြုမူခံခဲ့ရတဲ့ ကာယကံရှင်ဖြစ်သူတွေက စွပ်စွဲပြောဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီကိစ္စရဲ့ အကျိုးဆက်ကြောင့် ဝိန်းစတိန်းဟာ ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီကနေရော သူ့ရဲ့ကုမ္ပဏီကပါ ထုတ်ပယ်ပစ်တာကို ခံခဲ့ရပါတယ်။ သူက အလိုမတူတဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမျုတွေကို ငြင်းဆိုခဲ့ပေမယ့် “အရင်တုန်းက ကျနော့် လုပ်ဖော်ကိုင်ဖက်တွေအပေါ် ပြုမူဆက်ဆံခဲ့မှုတွေဟာ သူတို့ကို နာကျင်ခံစားမှု အများကြီး ဖြစ်စေခဲ့တာကို ကျနော် သဘောတွေ့ခဲ့ပါတယ်။ အဲဒီအတွက် ကျနော် တကယ့်ကို တောင်းပန်ပါတယ်လို့ သူက တုံ့ပြန်ပြောကြားခဲ့တာကို ကြည့်ရင် သူ တကယ်ပဲ သူ့လုပ်ဖော်ကိုင်ဖက်တွေကို အဲဒီလို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုတွေ ကျူးလွန်ခဲ့တယ်လို့ ဝန်ခံလိုက်တာပဲ ဖြစ်ပါတယ်။ သူ့နောက်က လိုက်ပါအစွပ်စွဲခံရသူကတော့ ဒီဖိုင်းမီဒီယာရဲ့ ကဏ္ဍပိုင်းဆိုင်ရာ အကြီးတန်းဒုတိယ ဥက္ကဋ္ဌ အက်ဒီဆစ်ဂ်နော ဖြစ်ပြီး သူ့ကို အမျိုးသမီးတယောက်ကို လိင်ဆိုင်ရာ ကျူးလွန်မှုနဲ့ တခြားအမျိုးသမီးတွေကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မှုနဲ့ ဖွင့်ချစွပ်စွဲခံရတာ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ သူဟာ အလုပ်ထုတ်ခံခဲ့ရပြီး သူ့ရဲ့ ရှေ့နေကတော့ မစ္စတာဆစ်ဂ်နောဟာ သူ့အပေါ် စွပ်စွဲခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ စိတ်အနှောင့်အယှက် ဖြစ်စေမှုနဲ့ ဘယ်လို လက်တုံ့ပြန်မှုတွေကိုမှ မကျူးလွန်ခဲ့ပါဘူးလို့ ဝိဝါဒကွဲလွဲစရာမရှိအောင် ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ နောက်တယောက်ကတော့ အမ်ဇန်စတူဒီယိုရဲ့ ဦးစီးခေါင်းဆောင် ရွိင်းပရိုက်စ်ပါ။ သူ့ကို အမျိုးသမီးတယောက်အား လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မှုနဲ့ စွပ်စွဲပြောဆိုခဲ့တာဖြစ်ပြီး သူကတော့ အဲဒီကိစ္စအတွက် ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။ သူ့ကို မေးမြန်းဖို့ ဆက်သွယ်လို့ မရခဲ့ဘူးလို့ ဆိုပါတယ်။ နောက်နာမည်ကျော် တယောက်ကတော့ သယ်လောက်ဒ်ဟောက် (The Loud House) ရဲ့ ဖန်တီးရှင် ခရစ်ဆာဗီနိုပဲ ဖြစ်ပါတယ်။ သူ့ကိုကျတော့ လိုလားမှုမရှိဘဲ လိင်ပိုင်းဆိုင်ရာ ချည်ပြီး တုတ်ပြီး ချဉ်းကပ်မှုတွေကို အမျိုးသမီး တဒါဇင်လောက်အပေါ် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာလည်း အလုပ်က အထုတ်ခံလိုက်ရပါပြီ။ သူကတော့ သူ့အနေနဲ့ နက်နက်နဲနဲကို စိတ်မကောင်းဖြစ်ရပြီး ရှက်လည်း ရှက်မိပါတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အဲဒီလို စွပ်စွဲခံရသူ နောက်တယောက်ကတော့ နည်းပညာ ဘလော့ဂါနဲ့ ပြောင်းလဲရေးအုပ်စုကို ပူးတွဲတည်ထောင်သူ ရောဘတ်စကောဘဲလ်ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ အမျိုးသမီး ၂ ယောက်ကို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ထိပါးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ သူကတော့ ရာထူးက နုတ်ထွက်သွားခဲ့ပြီး အမျိုးသမီးတဦးစီက မုသားသုံးပြီး လုပ်ကြံစွပ်စွဲသွားတယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ် ထွက်ပေါ်လာတဲ့ စွပ်စွဲခံတယောက်ကတော့ ဗော့ဆ်ခ် မီဒီယာရဲ့ အယ်ဒီတာဆိုင်ရာ ညွှန်ကြားရေးမှူး လော့ခ်ဟတ်စတီးလ်ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ မလိုလားတဲ့ အနမ်းပေးအပ်မှု အပါအဝင် လူတယောက်ကို လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်လို့ စွပ်စွဲပြောဆိုထားခဲ့ပါတယ်။ သူဟာလည်း ရာထူးနေရာက အထုတ်ပယ်ခံခဲ့ရပါတယ်။ ဗော့ဆ်ခ်မီဒီယာရဲ့ အမှုဆောင် အရာရှိချုပ်ကတော့ စတီးလ်က ကျနော်တို့ရဲ့ အဓိက တန်ဖိုးထားမှုတွေနဲ့ မဆီလျော်တဲ့ သည်းခံနိုင်စရာမရှိတဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီလို ဆက်တိုက်လိုလို စွပ်စွဲပြောဆိုခံခဲ့ရသူ နောက်တယောက်ကတော့ ဘက်ရှ် စားသောက်ဆိုင်အုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် ဂျွန်ဘက်ရှ် ဖြစ်ပါတယ်။ သူ့ကို လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်စေမှုနဲ့ စွပ်စွဲခံခဲ့ရတဲ့အတွက် ရာထူးက ဆင်းပေးခဲ့ပြီး ကျနော်က ကျနော့်ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ပျက်ယွင်းမှုတွေအတွက် ကျနော် တဦးတည်းမှာပဲ လုံးလုံးတာဝန်ရှိပါတယ်။ ဒါဟာ ကျနော်တို့လို ကုမ္ပဏီတခုရဲ့ ဦးစီးတယောက်အနေနဲ့ မလုပ်ဆောင်ခဲ့သင့်တဲ့ ပုံစံပါပဲလို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ နောက်နာမည်ကျော် တယောက်ကတော့ ဒါရိုက်တာနဲ့ စာရေးဆရာတယောက် ဖြစ်တဲ့ ဂျိမ်းစ် တိုဘက်ခ်ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ သူ့ရဲ့ လိင်ဆိုင်ရာ ထိပါးမှုတွေနဲ့ မိမိဘာသာ စိတ်ဖြေမှုတွေ အပါအဝင် လိင်ဆိုင်ရာ မဖွယ်မရာ ပြုမှုတွေကို လော့စ်အင်ဂျလိစ် တိုင်မ်းမဂ္ဂဇင်းက ဖွင့်ချ ဖော်ပြခဲ့ပြီးတဲ့နောက်မှာ ရာနဲ့ချီတဲ့ အမျိုးသမီးတွေက သူတို့ ဘက်ရှ်နဲ့ ကြုံတွေ့ခဲ့ရပုံတွေကို ဖွင့်ချ ဖော်ထုတ် ပြောဆိုခဲ့ကြပါတယ်။ သူ့ကိုလည်း စုံစမ်းရေးအရာရှိက ဖယ်ရှားပစ်တာ ခံခဲ့ရပါတယ်။ ဒါပေမယ့် အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဘက်ရှ်က လော့စ်အင်ဂျလိစ် တိုင်မ်း မဂ္ဂဇင်းကို ဘယ်အမျိုးသမီးနဲ့မှ မတွေ့ဆုံခဲ့ရသလို တကယ်လို့ သူနဲ့ တွေ့ဆုံထိတွေ့ခဲ့တယ် ဆိုရင်လည်း အချိန်တိုမိနစ်ပိုင်းကလေးလောက်ပဲ ဖြစ်ပြီး သူ ပြန်စဉ်းစားလို့ မရခဲ့တဲ့အကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ နောက်စွပ်စွဲခံရသူ အနုပညာရှင်ကတော့ ဖက်ရှင်ဓာတ်ပုံအနုပညာရှင် တယ်ရီရစ်ချတ်ဆန်ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ သူနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ မော်ဒယ်လ်တွေကို လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ပေးခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့တာပါ။ သူ့ကိုတော့ Conde’ Nast  နဲ့အတူ တွဲလုပ်ဆောင်နေတဲ့ အလုပ်တွေကို တားဆီးပိတ်ပင်တာကို ခံလိုက်ရပါတယ်။ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကတော့ သူ အလုပ်သဘောအရ ဆက်ဆံခဲ့ရတဲ့သူတွေ သဘာဝအရကိုပဲ လိင်ဆိုင်ရာအရ ပေါ်ပေါ်တင်တင် ဆက်ဆံတတ်တဲ့ သဘာဝရှိကြပြီး သူတို့က အလိုတူအလိုပါ ဆက်ဆံခဲ့ကြတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြောရမယ် ဆိုရင်တော့ ဝိန်းစတိန်း စွပ်စွဲခံခဲ့ရပြီးနောက်ပိုင်း ဟောလိဝုဒ်ရဲ့ နာမည်ကြီး အနုပညာရှင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ခံခဲ့ရတဲ့ အနုပညာရှင်ကြီးငယ်တွေက စွပ်စွဲဖော်ထုတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တဲ့အတွက် လော့စ်အင်ဂျလိစ်ခရိုင် ရှေ့နေချုပ် ဂျက်ကီလေဆီက လိင်ပိုင်းဆိုင်ရာ ထိပါးကျူးလွန်မှုတွေကို စစ်ဆေးဖို့ အထူးတာဝတ်တပ်ဖွဲ့တခုကို ဖွဲ့စည်းလိုက်တဲ့အကြောင်း မကြာခင်ကပဲ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လေဆီက ဟောလိဝုဒ်ရဲ့ နာမည်ကြီးတွေဖြစ်တဲ့ ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်း၊ ဒါရိုက်တာ ဂျိမ်းစ် တိုဘက်ခ်နဲ့ သရုပ်ဆောင် အက်ဒ် ဝက်စ်ဝစ်ခ်တို့ကို ဥပဒေကာကွယ်ထိန်းသိမ်းရေး အေဂျင်စီတွေက စုံစမ်းစစ်ဆေးနေပြီ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရသူ ဟောလိဝုဒ် အနုပညာရှင်ပေါင်း အခုဆို ၃၄ ယောက်ရှိနေပြီ ဖြစ်ပါတယ်။ နာမည်တဦးချင်း တပ်ပြီး ရေးမယ်ဆိုရင် ဆောင်းပါး အတော်ကြီး ရှည်လျားသွားမှာ ဖြစ်တဲ့အတွက် ဒီလောက်ပဲ တင်ပြပါရစေ။ ဝန်ခံထားခဲ့သူတွေ ရှိသလို ဝန်မခံတဲ့သူတွေလည်း ရှိပါတယ်။ စွပ်စွဲသူကရော သက်သေ အထောက်အထား အခိုင်အမာ ရှိပါရဲ့လား၊ မရှိနိင်တဲ့ အခြေအနေမျိုးမှာ တကယ် တွေ့ကြုံခံစားခဲ့ရသူ နစ်နာသူတွေအပေါ် ကျူးလွန်သူက မကျူးလွန်ပါဘူးလို့ ငြင်းဆန်နေခဲ့ရင်ရော အမှန်တရားကို ဖော်ထုတ်နိုင်ပါ့မလား။ ဒီမိုကရေစီ အသားကျပြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံက ပုလိပ်တပ်ဖွဲ့ ဒါမှမဟုတ် စုံစမ်းရေးအေဂျင်စီတွေက ကျူးလွန်သူတွေကို မှန်မှန်ကန်ကန် အပြစ်ပေး အရေးယူနိုင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ရပါတယ်။  စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024