Home
မြန်မာသတင်း
အကျဉ်းသားများကို ကျွေးမွေးသည့်နှုန်း တိုးမြှင့်ပေးမည်
ပိုင်စိုး
·
December 5, 2017
အကျဉ်းထောင်နဲ့ အလုပ်စခန်းတွေမှာ အကျဉ်းသားတွေကို ကျွေးမွေးတဲ့နှုန်းတွေ လာမယ့် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး တိုးမြှင့်တော့မယ်လို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ထောင်တွေမှာ အကျဉ်းသားတယောက်အတွက် တရက်ကို ၆၀၀ ကျပ်ကနေ ၉၇၅ ကျပ်၊ အလုပ်စခန်းတွေက အကျဉ်းသားတယောက်အတွက် လက်ရှိ တရက်ကို ၆၂၅ ကျပ်နှုန်းနဲ့ ကျွေးမွေးရာကနေ ကျပ် ၁၀၀၀ ဖိုးအထိ တိုးမြှင့်ဖို့ အမိန့်ထွက်ထားတာ ဖြစ်ပါတယ်။ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက “တပတ်ကို အသား ၂ ကြိမ် ကျွေးတာကနေ ၄ ကြိမ် ဖြစ်လာမယ်။ အရင်က ပဲ ၅ ကြိမ် ကျွေးတာကို ခုတော့ နေ့တိုင်း ဖြစ်လာမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိ တနိုင်ငံလုံးမှာ အကျဉ်းထောင်ပေါင်း ၄၆ ခု ရှိပြီး အလုပ်စခန်းကတော့ ၆၀ လောက်ရှိပါတယ်။ ဒါ့အပြင် ထောင်အသစ် ၃ ခု တိုးချဲ့ဆောက်တာမှာ တခုကတော့ ဖွင့်ထားပြီ ဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ ၂ ခု ထပ်ဖွင့်မယ်လို့လည်း ဦးမင်းထွန်းစိုးက ပြောပါတယ်။ “မိုးညှင်းထောင်ကတော့ အကျဉ်းသား၊ အချုပ်သား လက်ခံနေပါပြီ။ နှစ်ကုန်ရင်တော့ ကျိုက်မရောနဲ့ ဒိုက်ဦးမှာ ထပ်ဖွင့်ပါမယ်။ အားလုံးက (က) အဆင့်ထောင်တွေပါ။ လူ တထောင်စီ လက်ခံလို့ ရပါတယ်။ အဆောက်အအုံ အနေအထားကတော့ ၂ ထောင် လက်ခံလို့ ရတာပေါ့လေ။ အခုဖွင့်တာက အကျဉ်းသားတွေ များလာလို့ မဟုတ်ပါဘူး။ ထောင်နဲ့ ဝေးတဲ့ နေရာတွေမှာ အဆင်ပြေအောင်ပါ” လို့ ပြောပါတယ်။ မြန်မာတနိုင်ငံလုံးမှာ အကျဉ်းသား အကျဉ်းသူ ဦးရေ ၉ သောင်းနီးပါး ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024