Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ဆက်ရှိနေ၊ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်
DVB
·
December 4, 2017
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး၊ နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့ မိုးဇလက  ခန့်မှန်းပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။ မြစ်ဝကျွန်းပေါ်၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး ရေပြင်၊ မြေပြင်လေ ၁ နာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမယ်၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၆ ပေမှ ၈ ပေခန့်နဲ့ မုတ္တမကွေ့နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ ၄ ပေမှ ၆ ပေခန့် ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ အားကောင်းတဲ့ ဆိုင်လုန်းမုန်တိုင်းကြီး OCKHI ဟာ မြောက်အရှေ့မြောက်ဘက်ဆီ ဦးတည်ရာဘက် ပြောင်းလဲရွေ့လျားလာနိုင်ပြီး ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှ နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းခြေကို မွန်ဘိုင်းမြို့အနီးက ဖြတ်ကျော်ကာ ကုန်းတွင်းကို ဝင်ရောက်သွားမယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။ မုန်တိုင်းရဲ့အရှိန်ကြောင့်  ဒီဇင်ဘာ ၈-၁၀ ရက်အတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဓာတ်ပုံ-မိုးဇလ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024