ထောင်သားများအား ကျင်စက်သေနတ်ဖြင့်ပစ်၊ ညှဉ်းပန်းနှိပ်စက်သည့် ငရဲခန်း (ရုပ်သံ)

အကျဉ်းသားတွေကို ကျင်စက်သေနတ်နဲ့ ပစ်ပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တဲ့ ဘရာဇီးလ်နိုင်ငံ အကျဉ်းထောင်တခုတွင်း ရိုက်ကူးထားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်း ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေတယ်လို့ မေရာသတင်းမှာ ဒီဇင်ဘာ ၁ ရက်နေ့က ဖော်ပြပါတယ်။ ဘရာဇီးနိုင်ငံတွင်းမှ အကျဉ်းထောင်တွေဟာ ရှိတဲ့ အကျယ်အ၀န်းထဲမှာ လက်ခံနိုင်တဲ့ အရေအတွက်ထက် ပိုလျှံနေတဲ့ အကျဉ်းသားတွေ၊ ၀န်ထမ်းအင်အား မမျှတမှုတွေ အပါအ၀င် လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် နာမည်ဆိုးတွေနဲ့ ကျော်ကြားပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အကျဉ်းသားအုပ်စုကြီးဟာ ကြမ်းပြင်ပေါ်မှာ ထိုင်နေခဲ့ကြပြီး မကြာခင်မှာ လက်နက်ကိုင်အစောင့်တွေ ပေါ်လာခဲ့တာကို တွေ့ရပါတယ်။ အကျဥ်းထောင် ၀န်ထမ်းတွေဟာ အကျဉ်းသားတွေရဲ့ အပေါ်ပိုင်း အ၀တ်အစားတွေကို ချွတ်ခိုင်းခဲ့ပြီး  ကိုယ်လုံးတီးအခြေအနေနဲ့ ရှိနေစေခဲ့တာပါ။ အဲဒီနောက်တော့ အကျဉ်းသားတွေကို ထိုးနှက်ကန်ကျောက်တာတွေ၊ ကျင်စက် သေနတ်နဲ့ ပစ်ခတ်တာတွေအပါအ၀င် ညှဉ်းပန်းနှိပ်စက်ခဲ့တာကို တွေ့ရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဂိုရီရက်စ်ပြည်နယ်တွင်းက အကျဉ်း ထောင်တွေမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ပြည်ထဲရေးနဲ့ အကျဉ်းဦးစီးဌာနမှ စုံစမ်းစစ်ဆေးရေးဆိုင်ရာ တာဝန်ရှိသူတဦးဖြစ်တဲ့ အတွင်းရေးမှူး ရီကာဒို ဘေးလ်စထရီကတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဆိုးဝါးလွန်းတယ်လို့ ပြောလိုက်ပြီး အမြန်ဆုံး အရေးယူ စစ်ဆေးသွားရမယ်လို့ ဆိုပါတယ်။ ဒီရုပ်သံဗွီဒီဖိုင်ဟာ ၂၀၁၄-၁၅ ခုနှစ်တွေအတွင်းက ရိုက်ကူးထားခဲ့တာလို့ သတင်းက ဆိုပါတယ်။ လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပြီးနောက်မှာ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ မာဆယ်လို ဆယ်လီစတီနိုက ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ပါနေတဲ့ အကျဉ်းထောင်ဝန်ထမ်းတွေကို ရှင်းရှင်းလင်းလင်းတွေ့ မြင်နိုင်တဲ့အတွက် လက်ရှိမှာတော့ ဒါကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up