ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဦးဆောင်သည့် ထိုင်းအစိုးရသစ် ကျမ်းကျိန်

ဓာတ်ပုံ - ရိုက်တာ
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို နိုဝင်ဘာ ၃၀ ရက်က ကျင်းပပြီး ဘုရင် မဟာ ဗာဂျီရာ လောင်ကွန်းလည်း တက်ရောက်ခဲ့ပါတယ်။ ထိုင်းအစိုးရသစ်ကို ကျန်ခဲ့တဲ့ သီတင်းပတ်က အသစ်ပြန်ဖွဲ့စည်းခဲ့တာပါ။ ဒါဟာ စစ်အာဏာသိမ်းပြီး စစ်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်ကနေ ခုထိ ငါးကြိမ်မြောက် အစိုးရအဖွဲ့ ပြောင်းလဲဖွဲ့စည်းတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်နဲ့ အရပ်သားအစိုးရကို ဖြုတ်ချအပြီးမှာ စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်က အာဏာသိမ်းခဲ့ပါတယ်။ ပရာယွတ်ဟာ ဝန်ကြီး၊ ဒု-ဝန်ကြီး၊ ဒု-ဝန်ကြီးချုပ်တွေကို နေရာပြောင်းတာ ဒါမှမဟုတ် အသစ်ခန့်အပ်တာတွေ လုပ်ခဲ့တယ်လို့ ဘုရင်က တံဆိပ်တုံးထုထားပြီး တော်ဝင်ပြန်တမ်းက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ အဆင့်မြင့်ဆုံး ဝန်ကြီးနေရာတွေကို ပြောင်းရာမှာ စီးပွားရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ဝန်ထမ်းနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ဝန်ကြီးတွေလည်း ပါဝင်ပါတယ်။

More News
Up