ဆိုင်ကယ်နယ်လှည့်ခိုးယူသူ ၃ ဦး သုဝဏ္ဏဝတီမြို့တွင် ဖမ်းမိ
DVB
·
December 1, 2017
ရန်ကုန်တိုင်းဒေသကြီးက လာရောက်ပြီး အုပ်စုဖွဲ့ ဆိုင်ကယ်လှည့်လည်ခိုးယူသူ ၃ ဦးကို မွန်ပြည်နယ် သထုံခရိုင် သုဝဏ္ဏဝတီမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိမ်ဆိပ်နယ်မြေရဲစခန်းက ပြောပါတယ်။
သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ အနန်းကုန်းဘုန်းကြီးကျောင်းမုခ်ဝရှေ့မှာ နိုဝင်ဘာ ၃၀ ရက်နေ့၊ နေ့လယ်က အုပ်စုဖွဲ့ ဆိုင်ကယ်လှည့်လည်ခိုးယူသူ ၃ ဦးကို သက်သေခံဆိုင်ကယ် ၁ စီးနဲ့အတူ ခိုးယူရာမှာ အသုံးပြုတဲ့ ကိရိယာတွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
သထုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ်အောင်သူက “သူတို့အဖွဲ့က ၃ ယောက် လာတာပါ။ ၂ ယောက်ကို အနန်းကုန်းဘုန်းကြီးကျောင်းအ၀မှာ တွေ့ပြီး မသင်္ကာတာနဲ့ စစ်ဆေးရာကနေ အရင်ဆုံး ဖမ်းမိတာပါ။ နောက်တယောက်ကိုကျတော့ ဘီးလင်း ရွှေရောင်ပြဘက်မှာ သော့တုတွေနဲ့ တဆက်တည်း ဖမ်းမိတာပါ။ သော့ဖျက်တဲ့ ကတ်တာ တချောင်းပါ သိမ်းဆည်းရမိထားပါတယ်။ ၃ ယောက်စလုံးကိုတော့ နေအိမ်တွင်း ဝင်ရောက်ခိုးယူမှုနဲ့ တရားစွဲဆိုသွားမှာပါ” လို့ ပြောပါတယ်။
အောင်နိုင်စိုး၊ ဖြိုးဝေအောင်နဲ့ စောလှိုင်(ခ)ခေါလေးတို့နဲ့အတူ ကတ်တာ ၁ ချောင်း၊ ဖုန်း ၃ လုံး၊ ဆိုင်ကယ်သော့တု ၉ ချောင်း၊ ငွေစက္ကူ ၂၅၁၃၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ ၃ ဦးကို သိမ်ဆိပ်နယ်မြေရဲစခန်းက လူနေအိမ်အတွင်း ဝင်ရောက်ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့်-၅၄ အရ ဖမ်းဆီးအရေးယူထားပါတယ်။
သတင်း - ယူမင်းစိုး