Live
Home
မြန်မာသတင်း
မောင်တောတွင် တိုင်းရင်းသားကျေးရွာ ပိုမိုတည်ဆောက်ရန်အဆို လွှတ်တော်တွင် အတည်ပြု
DVB
·
November 30, 2017
မောင်တောဒေသမှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေကို အခုထက် ပိုမိုတည်ဆောက်ပေးသင့်ကြောင်း အဆိုကို ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ ရခိုင်ပြည်နယ်ရဲ့ ပိုင်နက်နယ်နိမိတ် မဆုံးရှုံးစေဖို့အတွက် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေ စုစည်းပြီး ရခိုင်တိုင်းရင်းသား ကျေးရွာတွေကို အခုထက် ပိုမိုတည်ဆောက်ပေးသင့်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို တိုက်တွန်းတဲ့ အဆိုကို နိုဝင်ဘာ ၂၉ ရက်နေ့က အတည်ပြုလိုက်တာပါ။ ဒီအဆိုကို ကျောက်ဖြူမဲဆန္ဒနယ်အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြည်နယ်လွှတ်တော်ကို တင်သွင်းခဲ့တာပါ။ ကျောက်ဖြူမဲဆန္ဒနယ်အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “သူတို့တွေက ရက်ရက်စက်စက် တုံ့ပြန်တဲ့ လုပ်ငန်းတွေ လုပ်တဲ့အခါကျတော့ ထွက်ပြေးကြပြီ၊ ထွက်ပြေးကြတော့ ရခိုင်တွေ မရှိကြတော့ဘူး။ မရှိတဲ့အခါကျတော့ ဘူးသီးတောင်၊ မောင်တောဟာ ရခိုင်တွေရဲ့ ပိုင်နက်၊ မြန်မာနိုင်ငံရဲ့ပိုင်နက် ဆိုပေမယ့် မြန်မာနိုင်ငံသား တယောက်မှ မရှိဘူး။ မြန်မာနိုင်ငံသား တယောက်မှ မရှိဘူးဆိုရင် ဆုံးရှုံးတာနဲ့ အတူတူပဲ၊ အဲဒါကြောင့် အဲဒီနေရာကို ရခိုင်လူမျိုးတွေ၊ မျိုးနွယ်စုတွေ အကုန်လုံး အဲဒီနေရာကို ရွာပြန်ပြီး တည်ဆောက်ထားပေးသင့်တယ်။ အစိုးရအနေနဲ့ အဲဒီနေရာကို အမြန်ဆုံးလုပ်တဲ့ဆိုတဲ့မျိုးနဲ့ အဆိုတင်လိုက်တာပါ”လို့ ပြောပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ထောက်ခံ ဆွေးနွေးခဲ့သလို ပြည်နယ်အစိုးရအဖွဲ့ကလည်း အဆိုကို ထောက်ခံကြောင်း လွှတ်တော်ကို သဘောထား တင်ပြခဲ့ကြပါတယ်။ ဒါ့အပြင် ကျေးရွာတွေကို တည်ဆောက်တဲ့အခါ အရင်လို အကြမ်းဖက်မှုတွေ မဖြစ်ရအောင် လုံခြုံရေးတွေကို စနစ်တကျ ထားရှိထားဖို့ လိုအပ်တယ်လို့ အဆိုရှင်က ပြောပါတယ်။ “ရွာတည်ဆောက်မယ့် နေရာတွေကို လုပ်ကိုင်စားသောက်မယ့်ဟာတွေ အဆင်သင့်ဖြစ်နေဖို့ လိုတယ်။ စနစ်တကျ လုံခြုံရေးတွေကို ချပေးထားဖို့ လိုတာပေါ့။ အရင်ကလို အကြမ်းဖက်မှုတွေ မဖြစ်အောင်ပေါ့။ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထားက ဘဂါင်္လီတွေက အဆမတန်များသွားပြီ။ အဲဒီမှာမှ ရခိုင်တိုင်းရင်းဒေသခံတွေက ၆ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်း လောက်ပဲ ရှိတော့တယ်။” ရခိုင်ပြည်နယ် အစိုးရအနေနဲ့လည်း မောင်တောဒေသမှာ တိုင်းရင်းသားကျေးရွာတွေ တည်ထောင်ပေးဖို့ ကြိုးစားနေကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ ဒေသတွင်းက အိမ်ထောင်စု ၁၀၀ လောက်ကို မောင်တောဒေသမှာ နေထိုင်ရန် ခေါ်ယူပေးဖို့ အစိုးရအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်တဲ့ လူဦးရေ ၂ သိန်း ၉ သောင်းကျော် ရှိတဲ့အထဲမှာ ရခိုင်တိုင်းရင်းသားဟာ ၄၀၄ ကျော်သာ ရှိပါတယ်။ ဒါ့အပြင် မောင်တောမြို့နယ်အတွင်းမှာ လူဦးရေ ၄ သိန်းကျော် နေထိုင်ပြီးတော့ ဒီထဲမှာ ရခိုင်လူမျိုး အရေအတွက်ဟာ ၈ သောင်းဝန်းကျင်သာ ရှိတယ်လို့ ဆိုပါတယ်။ သတင်း - ဝဏ္ဏခွာညို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024