Home
မြန်မာသတင်း
မိုင်းကိုင်တွင် ကလေးအယောက်၂၀ ခန့် အစာအဆိပ်သင့် ဆေးရုံတင်ရ
နန်းမြနဒီ
·
November 30, 2017
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ မိုင်းကိုင် အ.ထ.က ကျောင်းမှာ မနေ့က နို့အေးချောင်း ဝယ်စားရာမှ အစာအဆိပ်သင့်ပြီး ကလေး ၁၉ ဦးကို ဆေးရုံပို့လိုက်ရပါတယ်။ နိုဝင်ဘာ ၂၉ ရက် နေ့ခင်းက မိုက်ကယ်အမှတ်တံဆိပ်ပါ နို့အေးချောင်း ဝယ်စားရာကနေ အစာအဆိပ်သင့်ပြီး မိုင်းကိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မိုင်းကိုင်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့က ထမင်းစားဆင်းချိန် ကျောင်းလွှတ်တော့ မိုက်ကယ်တံဆိပ်ကပ်ထားတဲ့ နို့အေးချောင်းရောင်းကားတစီး ရောက်လာတယ်။ အဲဒီကားက သီပေါဘက်က လာတယ်လို့ ပြောတယ်ခင်ဗျ။ တခု ဝယ်ရင် နောက်တခု အဆစ်ပေးတယ်တဲ့။ အဲဒါ ကလေးတွေက စားပြီးတော့  မူးတာတွေ၊ အန်တာတွေ၊ ကိုယ်ပူလာတာတွေ ဖြစ်လို့ ဆရာမတွေက ဆေးရုံပို့ပေးလိုက်တယ်။ မနေ့က ညနေ ၅ နာရီလောက် ကျနော် ဆေးရုံရောက်သွားတော့ ခုတင်ပေါ်မှာ ၁၃ ယောက် ဒရစ်သွင်းထားပေးတယ်။ နောက်ထပ် စစ်ဆေးခံဖို့ စောင့်နေတဲ့ ကလေးတွေက ၅ ယောက်၊ ၆ ယောက် ရှိတယ်။ ကလေးတွေက ၉ နှစ်၊ ၁၀ နှစ်ရွယ်ကလေးတွေ များပါတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး၊ ဒရစ်သွင်းပြီးရင် ပြန်လို့ရပြီလို့ ဆေးရုံက ပြောပါတယ်။” ကလေးတွေ အစာအဆိပ်သင့်ရတဲ့ အဓိကအကြောင်းရင်းကိုတော့ မသိရကြောင်း၊  အခုလို ဖြစ်ပွားပြီးတဲ့နောက် နို့အေးချောင်း တဆင့်ခံရောင်းဖို့ ဝယ်ထားတဲ့ ဈေးဆိုင်တွေကိုလည်း ဆက်မရောင်းဖို့ ပိတ်ပင်ထားကြောင်း သူက ဆက်ပြောပါတယ်။ နို့အေးချောင်း ရောင်းတဲ့ကားဟာ မိုင်းကိုင်ကနေ တုံတာရွာ၊ နမ့်လန်ရွာတွေဘက် ဆက်လက်ထွက်ခွာသွားပြီး နမ့်လန်ရောက်တော့  တာဝန်ရှိသူတွေက နို့အေးချောင်း ရောင်းသူကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရကြောင်း  ဦးစိုင်းလုံက ပြောသွားပါတယ်။ Photo : Nan Hlaing Oo
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024