အမြန်လမ်းတွင် Express ကားအင်ဂျင်ဖုံးပွင့်ပြီး တိုးဂိတ်ကောင်တာကို ဝင်တိုက်မိ
DVB
·
November 30, 2017
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း စကားအင်းတိုးဂိတ်မှာ မနေ့ညက ခရီးသည်တင် ခိုင်မန္တလေး Express ကား ညာဘက်ဘေးအင်ဂျင်ဖုံး တံခါးပွင့်ပြီး တိုးဂိတ်ကောင်တာကို တိုက်မိခဲ့ပါတယ်။
မန္တလေးကထွက်လာပြီး နေပြည်တော်ကို မောင်းလာတဲ့ ခိုင်မန္တလေး Express ကား ညာဘက်ဘေးက အင်ဂျင်ဖုံးတံခါးပွင့်ပြီး စကားအင်းတိုးဂိတ် ကောင်တာကို ဝင်တိုက်မိတာမှာ ကောင်တာပျက်စီးသွားပေမယ့် ဒဏ်ရာရသူ မရှိဘူးလို့ စကားအင်း အမြန်လမ်းရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။
“တိုးဂိတ်အဝင်မှာ အရှိန်လျော့သွားတာကြောင့် ကောင်တာရဲ့ အလူမီနီယံဘောင်တွေနဲ့ မှန်တွေပဲ ကွဲကုန်တယ်။ ကားကတော့ အင်ဂျင်ဖုံးပဲ ပျက်စီးသွားတယ်။ ဒဏ်ရာရသူ မရှိပါဘူး။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁၂ သိန်းလောက်တော့ရှိမယ်။"
ယာဉ်မောင်း စောအယ်ထူးကို အသက်အန္တရာယ်ဖြစ်အောင် ယာဉ်မဆင်မခြင် ပေါ့ဆစွာမောင်းနှင်မှုနဲ့ ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးပုဒ်မ ၂၇၉ နဲ့ အရေးယူထားပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)