ချင်းပြည်နယ်တွင် အဖိုးတန်သတ္တုများ စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် အခြေအနေတွေ့ရှိ
ပိုင်စိုး
·
November 30, 2017
ချင်းပြည်နယ်မှာ ပထမဆုံးအကြိမ်အဖြစ် အဖိုးတန်သတ္တုတွေ စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ အခြေအနေတွေ့ထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ညှိနှိုင်းဖို့ ရှိနေတယ်လို့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သစ်တောဝန်ကြီး ဦးမန်ဟင်းဒါးလ်က ပြောပါတယ်။
ကန်ပက်လက်နဲ့ ဆောမြို့အကြား ရင်ကွဲတောင်မှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
“ချင်းပြည်နယ်ထဲမှာ မိုင်း(သတ္တုတွင်း)တောင်မှ တခုမှ မရှိဘူးလေ။ ခုမှ စီးပွားဖြစ် ထုတ်နိုင်တာကို တွေ့တာ။ ဒီတွင်းမှာ ရွှေ၊ ရွှေဖြူ၊ နီကယ်တွေလည်း တွေ့ပေမယ့် ကြေးနီကိုပဲ စီးပွားဖြစ် ထုတ်နိုင်မယ်လို့ သိရတယ်”
မနှစ်က စမ်းသပ်ထားပြီး လွန်ခဲ့တဲ့တလလောက်က ထုတ်လုပ်ခွင့်ပြုဖို့ တင်ပြလာလို့ ပြည်နယ်အနေနဲ့ ထောက်ခံထားတယ် ပြည်ထောင်စုအစိုးရနဲ့ အကျိုးအမြတ်ခွဲဝေရေး ညှိနှိုင်းရဦးမယ်လို့လည်း ဆိုပါတယ်။
ချင်းပြည်နယ်ထဲမှာ မြွေတောင်၊ ဖားတောင် စတဲ့နေရာတွေမှာ ဓာတ်သတ္တု ရှာဖွေတာတွေ ရှိခဲ့ပေမယ့် စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ အနေအထားမျိုး မရှိဘဲ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။