Home
မြန်မာသတင်း
မောင်တောနှင့် ဘူးသီးတောင်တွင် WY စိတ်ကြွဆေး ကျပ်သိန်း ၂ သောင်းဖိုးခန့် ဖမ်းဆီးရမိ
DVB
·
November 29, 2017
မောင်တောမြို့နယ်ထဲမှာ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက WY စိတ်ကြွဆေးပြား အရေအတွက် ၉ သိန်းခွဲကျော်နဲ့ ဘူးသီးတောင်မြို့ပေါ်မှာ ၃သိန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။ မောင်တောမြို့နယ်၊ ဇူလရွာအနီးမှာ မူးယစ်ဆေးဝါးသယ်ဆောင်မယ့် သတင်းရလို့ တပ်မတော် လုံခြုံရေးတပ်ဖွဲ့က မောင်တောကြိမ်ချောင်းကားလမ်းမှာ ပိတ်ဆို့စောင့်ဆိုင်းနေတုန်း မနက် ၆ နာရီခွဲမှာ Hijet အမျိုးအစား မော်တော်ယာဉ်ဟာ မောင်တောသုံးမိုင်ဘက်ကနေ ကြိမ်ချောင်းလမ်းအတိုင်း မောင်းနှင်လာကာ ဇူလရွာနား လမ်းဘေးမှာ အထုပ်တွေချနေပြီး အထုပ်တွေကို ဇူလရွာဘက်မှ ဘင်္ဂါလီလူမျိုး ၁၅ ယောက်က လာသယ်တာတွေ့တဲ့အတွက် လိုက်ဖမ်းတဲ့အခါ လယ်ကွင်းထဲမှာ အထုပ်တွေထားခဲ့ပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အထုပ်တွေကို ကားနဲ့သယ်ဆောင်လာတဲ့ အသက် ၁၈ နှစ်အရွယ် ယာဉ်မောင်း မောင်ဝင်းတင်၊ ၁၉ နှစ်အရွယ် မောင်ဦးမောင်သိန်းနဲ့ ၁၆ နှစ်အရွယ် လူငယ်တဦးတို့ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဖမ်းဆီးရမိတဲ့ အထုပ် ၅ ထုပ်ထဲက WY စိတ်ကြွဆေးပြား အရေအတွက် ၉၅၉၅၀၀ တန်ဖိုး ကျပ်သိန်းပေါင်း (၁၉၁၉,၀၀၀,၀၀၀) ဖိုးကို ဖမ်းဆီးရမိတဲ့အတွက် ဖမ်းဆီးရမိသူ လူငယ်သုံးဦး၊ ဆေးပြားတွေနဲ့ သယ်လာတဲ့ကားကို မူးယစ်တပ်စု ၄၆ ကို လွှဲပြောင်းအပ်နှံခဲ့ပါတယ်။ အဲ့ဒီမနက် ၇ နာရီမှာ ဘူးသီးတောင်မြို့ပေါ် ဂန္ဓာရီပရဟိတကျောင်း ဓမ္မာရုံထဲကို လူနှစ်ယောက်က ပရိုဘောက်ကားအဖြူတစီးနဲ့ သယ်လာတဲ့ မသင်္ကာစရာအထုပ်တွေ လာထည့်သွားတယ်လို့ သတင်းရတဲ့အတွက် မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့က သက်သေတွေခေါ်ပြီး ဝင်ရောက်ရှာဖွေတဲ့အခါ ဓမ္မာရုံ အဆောင်ဟောင်းထဲမှာ အဝါရောင်ဆာလာအိတ် ၂ လုံးကို တွေ့ခဲ့ရတယ်လို့ မောင်တောခရိုင် ရဲတပ်ဖွဲ့က သိရပါတယ်။ ဖမ်းဆီးရမိတဲ့ အိတ် ၂ လုံးထဲက WY စိတ်ကြွဆေးပြား ၃၁၆၀၀၀ ကို သိမ်းဆည်းခဲ့ပြီး ဘူးသီးတောင်မြို့ မီးရထားဆိပ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်မှာ အထုပ်တွေသယ်လာတဲ့ ပရိုဘောက်ကားကို တွေ့ရှိတဲ့အတွက် စုံစမ်းစစ်ဆေးတဲ့အခါ ဘားအံမြို့နယ်က လာရောက်တဲ့ ခန့်အောင် (၄၀ နှစ်) နဲ့ လှိုင်သာယာမြို့နယ်ကလာရောက်တဲ့ ယာဉ်မောင်း နေစိုးဦး (၄၆ နှစ်) တို့နှစ်ယောက်က သူတို့ကိုယ်တိုင် လာထားခဲ့တာလို့ ထွက်ဆိုတဲ့အတွက် ဘူးသီးတောင်မြို့မရဲစခန်းမှာ ဖမ်းဆီး အရေးယူထားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ အမှုတွေကို သက်ဆိုင်ရာ နယ်မြေနဲ့ မြို့နယ်ရဲစခန်းတွေမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူသွားမယ်လို့ သိရပါတယ်။ မောင်တောခရိုင်ထဲမှာ နိုဝင်ဘာ ၁၃ ရက်က ၂၉ ရက်နေ့အထိ WY စိတ်ကြွဆေးပြား ဖမ်းမိမှု ခြောက်မှုရှိပြီး ဆေးပြားအရေအတွက် လေးသန်းကျော်ရှိပြီး တန်ဖိုး ကျပ်သိန်းပေါင်း ၄ သောင်းကျော် ဖြစ်ပါတယ်။ သတင်း - ကိုအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024