Home
မြန်မာသတင်း
ဝင်္ဂဘော်ဆင်စခန်းမှ မိဘမဲ့ ဆင်ကလေးတကောင် သေဆုံး
ပိုင်စိုး
·
November 29, 2017
မိဘမဲ့ ဆင်ကလေးတွေကို စောင့်ရှောက်ပေးနေတဲ့ ဝင်္ဂဘော်ဆင်စခန်းမှာ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်က ရောက်လာတဲ့ ရက်သားအရွယ် ဆင်ကလေးတကောင် မနေ့က သေဆုံးသွားခဲ့ပါတယ်။ စခန်းကို ရောက်လာပြီး ၃ ရက်မှာပဲ သေဆုံးခဲ့တာလို့ ပဲခူးတိုင်းဒေသကြီးအရှေ့က လက်ထောက်မန်နေဂျာ (ဆင်ဆေးကု) ဒေါက်တာကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။ “ဆင်ကလေး ရောက်လာတော့ အအေးပတ်လာတာရှိတယ်။ ခရီးပန်းလာတယ်။ သူက ၁၅ ရက်သားလောက်ပဲ ရှိသေးတော့ ဒဏ်မခံနိုင်တာလည်း ပါတာပေါ့။ သူ့ကို အုတ်ဂူလေး လုပ်ပေးထားပါတယ်” သာပေါင်းမြို့နယ်ထဲက ရွာနားကို ဆင်အုပ်ဝင်တာမှာ ဒီဆင်လေးလည်း ပါလာပြီး မောင်းထုတ်ရာမှာ ကျန်ခဲ့တာလို့ သိရပါတယ်။ ဆင်မကြီးကတော့ သတ်ခံလိုက်ရပြီလို့ ယူဆရပေမယ့် ရုပ်ကြွင်းကိုတော့ မတွေ့ရသေးပါဘူး။ ဝင်္ဂဘော်ဆင်စခန်းဟာ လူအများ လာရောက်လေ့လာနိုင်အောင် ဖွင့်ထားတဲ့ စခန်းတခု ဖြစ်ပြီး ထူးခြားတာက အမိမဲ့ဆင်လေးတွေကို ထိန်းသိမ်းထားတာပါ။ “အမိမဲ့ဆင်ကလေး ၇ ကောင်ရှိတယ်။ အားလုံးက ဧရာဝတီတိုင်းက ရောက်လာတာတွေပါ။ အငယ်ဆုံးက ၃ လသား၊ အကြီးဆုံးက ၁၀ လသားအရွယ်တွေပါ” လို့ ဒေါက်တာကျော်စိုးက ပြောပါတယ်။ ဆင်ကလေးတွေကို နို့မှုန့်တိုက်ကျွေးရပြီး သူတို့ထဲက အကြီးဆုံးဆင်မလေး ယုယုဌေးကိုတော့ ထမင်းနဲ့ ထန်းလျက်ကိုလည်း ကျွေးနေတယ်လို ဆင်တွေကို ပြုစုပေးနေသူတွေက ပြောပါတယ်။ ဝင်္ဂဘော်စခန်းဟာ အမြန်လမ်းက သွားမယ်ဆိုရင် ၃၉ မိုင် ၂ ဖာလုံကနေ အတွင်းဘက်ကို တစ်မိုင်လောက် ဝင်ရပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းဘက်က ဆိုရင်တော့ ဘုရားကြီးကနေ ၄ မိုင်လောက် ဆက်သွားရတာ ဖြစ်ပါတယ်။ အခု နိုဝင်ဘာလမှာတော့ စခန်းဖွင့်တာ တနှစ်ပြည့်ပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ ဆင်အထူးပြု သဘာဝနယ်မြေ ၆ ခု ရှိပါတယ်။ ဧရာဝတီတိုင်းမှာ တောဆင်တွေ မကြာခဏ အသတ်ခံနေရပြီး မကြာသေးခင်လည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲမှာ သတ်ဖြတ်အရေခွံခွာထားတဲ့ ဆင်တကောင်ကို တွေ့ခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024