Home
ဆောင်းပါး
အရှေ့မြောက်ဒေသမှ ဗမာပြည်ကွန်မြူနစ်ပါတီ ကျရှုံးမှုအစ
DVB
·
November 29, 2017
(၁၉၉၁ ခုနှစ်က ဆိုဗီယက်ယူနီယံ ပြိုကွဲသွားသည့်အခါ ကမ္ဘာ့ပြည်သူများ အံ့သြခဲ့ကြရသည်။ တချိန်က ဆိုဗီယက်ယူနီယံသည် ကမ္ဘာတဝန်းမှ အလုပ်သမား၊   လယ်သမား၊ အဖိနှိပ်ခံ ပြည်သူများအတွက် မျှော်လင့်ချက်ရောင်ခြည်တခု ဖြစ်ခဲ့သည်။   ရုတ်တရက် ပြိုကျသွားသောအခါ အံ့သြကြသူက အများစု။ ဘာကြောင့် ရုတ်တရက် ပြိုကျသွားသလဲ ဆိုသည်ကို သိရှိလိုကြသည်။ ထို့ထက် နှစ်နှစ်ခန့်စောသည့်ကာလ ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီကို သူ၏ လက်အောက်ခံတပ်များက ပုန်ကန် အာဏာသိမ်းလိုက်ကြသဖြင့် ပြိုကွဲသွားခဲ့ဖူးသည်။ ထို့ထက် နည်းနည်းစောသည့် ၁၉၈၈ ခုနှစ်တွင်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီသည် ၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်ကာ နိုင်ငံ့အာဏာကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ပြိုကွဲကျရှုံးသည့် ကာလမှာ တခုနှင့်တခု မကွာဝေးကြသလို အခြေခံ အကြောင်းရင်းမှာလည်း မတူကြပေ။ သို့သော် တူညီချက်တခုကား တပါတီ အာဏာရှင်စနစ်ကို ပြည်သူလူထုက လက်မခံကြတော့ခြင်း ဖြစ်သည်။ ပြိုကျပျက်စီးသွားရသည့် အကြောင်းများကို ပြောရလျှင် ကျယ်ကျယ်ပြန့်ပြန့် ပြောရလိမ့်မည်။ ရှည်ရှည်ဝေးဝေး ပြောရလိမ့်မည်။ ၎င်းတို့ ဖြစ်ပေါ်လာပုံ သမိုင်းက အစချီ၍ ပြောမှ ပြည့်စုံမည်။ သို့သော်လည်း ဖတ်ရှုမည့်သူ၊ နားထောင်ရသူများ ငြီးငွေ့ကြပေလိမ့်မည်။ အဖြစ်အပျက် ရေစီးကြောင်းကြီးအတွင်း ထိုစဉ်က ပွင့်ပွင့်လင်းလင်း မသိခဲ့ကြရသော အသေးစိတ် ဇာတ်ကွက်များကို သိရ၊ ကြားရလျှင်မူ စိတ်ဝင်စားဖွယ်ကောင်းမည်။ ယခုလည်း အရှေ့မြောက်ဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ လျှောက်လှမ်းခဲ့ရသော ဇာတ်လမ်းရှည်ကြီးကို ပါတီဝင်ဟောင်းတဦး ဖြစ်ခဲ့သော တရုတ်နိုင်ငံသား ပိုင်လူမျိုး၊ ယီလူမျိုးနှင့် ဟန်လူမျိုး သွေးနှောထားသည့် ကပြားဖြစ်သူ ကျမ်းကျန့်ကျန်းက အပတ်တကုတ် ရေးသားထားသည့် “တနယ်တကျေးက သွေးခင်းလမ်း” ကို ဖတ်ရသည်။ ဘာသာပြန်သူက မန်းဖိုးအေး (ဝါးခယ်မ) ဖြစ်သည်။ ကျမ်းကျန့်ကျန်းက ၎င်းတို့ ဖြတ်သန်းခဲ့ရသော အရေးတော်ပုံ သမိုင်းကြောင်းကို စိတ်ဝင်စားဖွယ် အသေးစိတ် ဖြစ်ရပ်များဖြင့် ခြယ်မှုန်းထားလေရာ စိတ်ဝင်စားဖွယ် ကောင်းသည်။ သို့သော် ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း တယောက်၏ ခံစားချက်အမြင်ဖြင့် ရေးသားခဲ့ခြင်းဖြစ်၍ အသုံးအနှုန်း၊ အခေါ်အဝေါ်များမှာ အလယ်အလတ် ကြားလူအနေဖြင့် ဖတ်ရလျှင် ခံတွင်းတွေ့ကြမည်မဟုတ်။ သို့ဖြစ်၍ ဘာသာပြန်သူ မန်းဖိုးအေးနှင့် တိုင်ပင်လျက် ထိုစာအုပ်ပါ ဇာတ်ကွက်တခုချင်းစီမှ အချက်အလက်များကို အခြေခံကာ ဗမာပြည်ကွန်မြူနစ်ပါတီအကြောင်း ရေးသားထားသည့် အခြားသော စာအုပ်များမှလည်း လိုအပ်သည့် အချက်အလက်များကို ပေါင်းစပ်ပြီး ကြားလူအမြင်ဖြင့် မျှမျှတတဖြစ်အောင် ပြန်လည်ရေးသားထားပါသည်။ စာရေးသူ၏ ရည်ရွယ်ချက်မှာ သမိုင်းကို နိဂုံးချုပ် သုံးသပ်ရာတွင် မှန်ကန် မျှတစေရေးအတွက် မှန်ကန်၍ ဘက်မလိုက်သော အချက်အလက်များကို စာရေးသူ စိတ်ဝင်တစား သိချင်သလို စာဖတ်သူများလည်း သိချင်လိမ့်မည်ဟု ယူဆ၍ ပြန်လည်ဝေငှခြင်းမျှသာ ဖြစ်ပါသည်။) ပီကင်းသို့ ၁၁ ခေါက်မြောက် လာလည်သည့် ဦးနေဝင်း ၁၉၈၅ ခုနှစ်၊ ဧပြီလကုန်ပိုင်းလောက်တွင် တရုတ်ပြည် ကွန်မြူနစ်ပါတီက ဗမာပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို (နိုင်ငံရေးဦးဆောင်အဖွဲ့) ၇ ဦးကို ပီကင်းသို့ လာရောက်ရန် ဖိတ်ကြားလိုက်လေသည်။ မေလ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို တက်ရောက်ရန်ဟု အကြောင်းပြပါသည်။ အမှန်တကယ်အားဖြင့် ထိုအချိန်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းလည်း ပီကင်းတွင် ရောက်ရှိနေသည်။ ဦးနေဝင်းက ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု တရုတ်ခေါင်းဆောင်များကို ပြောဆိုသည်ဟု ဆို၏။ ဦးနေဝင်းက တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံပြောဆိုရာတွင်…. “ကျနော် တရုတ်ပြည်ကိုလာတာ ဒီတခေါက်နဲ့ဆို ဆယ့်တခေါက်ရှိသွားပြီ။   မော်စီတုံး၊ ချူအင်လိုင်းတို့ ရှိကြတုန်းကဆိုရင် ဆယ်ကြိမ် ကျနော် တရုတ်ပြည်ကို ရောက်ခဲ့တယ်။ အခုတခေါက်က နောက်ဆုံးတခေါက် ဖြစ်များ ဖြစ်လေမလား မသိနိုင်ပါ။ မော်စီတုံး၊ ချူအင်လိုင်းတို့ သက်ရှိထင်ရှား ရှိစဉ်တုန်းကဆိုရင် ကျနော့်ကို တရုတ်ပြည်ရဲ့ မိတ်ဆွေဟောင်းကြီးဆိုပြီး တရင်းတနှီး ခေါ်ဝေါ်ကြပါတယ်။ မိတ်ရင်းဆွေရင်း ဖြစ်တဲ့အတွက် ယခုတခေါက် ခရီးမှာ ဖွင့်ပြောရခက်တဲ့ ပြဿနာတရပ်ကို မလွှဲမရှောင်သာဘဲ ထုတ်ပြောရပါဦးမယ်။ ပြီးခဲ့တဲ့အခေါက် ကျနော်တို့ နိုင်ငံသမ္မတကြီး ဦးစန်းယုရဲ့ တရုတ်ပြည်ခရီးက အတော့်ကို အောင်မြင်ပါတယ်။ အလည်အပတ်ခရီးစဉ်ထဲမှာ တရုတ်ပြည် ပင်လယ်ကမ်းခြေက အထူးဒေသတွေကို လိုက်လံကြည့်ရှုခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ တံခါးဖွင့် ပြုပြင်ပြောင်းလဲရေးက မဟာအောင်မြင်မှု ဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။ အထူးသဖြင့် မစ္စတာတိန့်ရှောက်ဖျင် အဆိုတင်သွင်းတဲ့ “တနိုင်ငံ စနစ်နှစ်ရပ်” က ကျနော်တို့ နိုင်ငံကို ဉာဏ်ပွင့်လန်းလာအောင် ကြီးကျယ်ခမ်းနားတဲ့ အစဖော်ပေးခြင်း ဖြစ်ပါတယ်။   ကျနော်တို့က အဆွေတို့နိုင်ငံရဲ့ အတွေ့အကြုံကောင်းကို ကျနော်တို့နိုင်ငံဆီ ပြန်လည် သယ်ဆောင်သွားပါ့မယ်ခင်ဗျား။ ကျနော်တို့ရဲ့ နိုင်ငံတွင်းမှာလည်းပဲ တံခါးဖွင့် ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ကိုင်ကြပါမယ်ခင်ဗျား။ မြန်မာ-တရုတ် နှစ်နိုင်ငံကြားမှာ ကီလိုမီတာ နှစ်ထောင်ကျော် ရှည်လျားတဲ့ နယ်ခြားမျဉ်းက ရှိနေပါတယ်။ သမိုင်းကြောင်းတလျှောက်မှာ ဆွေမျိုးပေါက်ဖော် တအူထုံ့ဆင်း နက်ရှိုင်းတဲ့ ချစ်ခင်မှုတွေ ရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ တရုတ်ပြည်ရဲ့ အားပေးထောက်ခံမှုနဲ့ ဘယ်လိုမှ ခွဲခြားထားလို့ မရပါခင်ဗျား။ ကျနော်တို့က ယူနန်-မြန်မာ လမ်းမကြီးကို ဖောက်လုပ်ချင်ပါတယ်။ အဲဒီ နှစ်ပေါင်းများစွာ အိပ်မောကျနေတဲ့ လမ်းမကြီးကို အသုံးချပြီး နဂိုမူလအတိုင်း ရွှေလမ်း-ငွေလမ်း ဖောက်ကြပါစို့ ခင်ဗျား။ ဒီမှာလည်း အရင်းခံ အကြောင်းနှစ်ရပ် ရှိနေပါတယ်။ ပထမအချက်က ၁၉၅၀-၆၀ ခုနှစ်တွေမှာ ကျနော်တို့နိုင်ငံက အဆွေတို့ တရုတ်နိုင်ငံဆီက ချေးယူထားတဲ့ အကြွေးက ပြန်ဆပ်ရမယ့်ကာလကို ရောက်ပါပြီ။ ကျနော်တို့နိုင်ငံက ကုန်ပစ္စည်းနဲ့ ပြန်လည်ပေးဆပ်မှာ ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ကျနော်တို့နိုင်ငံနဲ့ အဆွေတော်တို့နိုင်ငံက နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးဆိုတာက ကုန်ပစ္စည်းချင်းဖလှယ်ရေး ဖြစ်ပါတယ်။ ဒီပစ္စည်းတွေရဲ့ စီးဆင်းမှု နှုန်းထားပမာဏက အင်မတန် ကြီးမားလှပါတယ်။ ဒီလုပ်ငန်းကြီး ထမြောက်အောင်မြင်ဖို့က ယူနန်-မြန်မာ လမ်းမကြီးကို အားထားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြူကုတ်နယ်စပ်ဂိတ်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သိမ်းပိုက်မှု ခံထားရပါတယ်။ ဒါကြောင့် ကျနော်တို့ဘက်က ကြူကုတ်ကို ပြန်လည်သိမ်းပိုက်ဖို့ လိုအပ်နေပါတယ်။ ဒါမှသာ အဲဒီ ပြည်ပကုန်သွယ်ရေးလမ်း ပေါက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ မိတ်ဆွေဟောင်းကြီးက ကျနော်တို့ကို အားပေးထောက်ခံပေးပါလို့ အနူးအညွတ် တောင်းခံပါတယ်ခင်ဗျား။ ကျနော်တို့ရဲ့ ကြူကုတ်မြို့ငယ်လေး ပြန်လည်သိမ်းပိုက်ရေးကို အားပေးကူညီပေးပါ။   နယ်စပ်တံခါးဖွင့်ရေးကို အားပေးကူညီပါ။ ဒါ့အပြင် ကျနော်တို့ရဲ့ ပြုမူဆောင်ရွက်ချက်တွေကိုပါ နားလည်ခွင့်လွှတ်ပေးပါလို့ အနူးအညွတ် ပြောကြားလိုက်ပါတယ် ခင်ဗျား။" ဦးနေဝင်းက နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရန်အတွက် နယ်စပ်တံခါးဝဖြစ်သော ကြူကုတ်-ပန်ဆိုင်း မြို့ငယ်လေးကို ပြန်လည်သိမ်းပိုက် ရရှိရေးတွင် တရုတ်ပြည်က ကူညီဆောင်ရွက်ပေးရန် တည့်တည့်ပြောကြားချက်ပင် ဖြစ်သည်။ ထိုအခါ လီရှန်းညင့်က “ဤကိစ္စမှာ အဆွေတော်တို့ရဲ့ ပြည်တွင်းရေးကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့အနေဖြင့် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါခင်ဗျား” ဟု ပြန်လည် ဖြေကြားခဲ့သည်။ လီရှန်းညင့်က ထိုသို့ ပြန်လည်ဖြေကြားခဲ့သည့်အတွက် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ပေးခြင်း ဖြစ်ပုံရပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြတ်သားသော ငြင်းပယ်မှု မေလ ၁ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ဟူယောက်ပန်းက သခင်ဗသိန်းတင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံသည့်အခါ “ဦးနေဝင်းက ရဲဘော်တို့နဲ့ တွေ့ချင်တဲ့အကြောင်း ကျနော်တို့ ပါတီကနေတဆင့် တောင်းဆိုလို့ ရဲဘော်တို့ကို ဖိတ်ခေါ်လိုက်ရတာ ဖြစ်ပါတယ်” ဟု ဆိုလေသည်။ ထိုအခါ သခင်ဗသိန်းတင်က လေးနက်စွာဖြင့် “ကျနော်တို့ စောစောကတည်းက ခန့်မှန်းမိပါတယ်။ ရဲဘော်တို့က ကျနော်တို့ကို လက်နက်ချ အညံ့ခံဖို့ ဖျောင်းဖျမှာ မဟုတ်လား၊ ဒါတော့ ကျနော်တို့ မလုပ်နိုင်ဘူးဗျာ။ ကျနော်တို့ကိုယ် ကျနော်တို့ ရောင်းချပြီး လက်နက်ချ အညံ့ခံတာတော့ မလုပ်နိုင်ဘူးဗျ။ ကျနော်တို့ပါတီက မော်စီတုံးပြောတဲ့ စကားကို အခိုင်အမာ ယုံကြည်တယ်။ မော်စီတုံး ပြောထားတာက နိုင်ငံငယ်လေးက နိုင်ငံကြီးကို နိုင်အောင်တိုက်နိုင်တယ်။ အင်အားချည့်နဲ့တဲ့ နိုင်ငံက အင်အားကြီးတဲ့နိုင်ငံကို အနိုင်တိုက်နိုင်တယ်။ ကျနော်တို့က လက်နက်ကိုင်တိုက်ပွဲနဲ့ အာဏာသိမ်းတဲ့ တော်လှန်ရေးလမ်းစဉ်ကို အခိုင်အမာ ယုံကြည်ပါတယ်။” သခင်ဗသိန်းတင်၏ တုံးတိပြတ်သားသော ငြင်းပယ်ချက်ကို ကြားရသော ဟူယောက်ပန်းမှာ အတော်ကသိကအောင့် ဖြစ်သွားပုံရသည်။ ထိုစဉ် အမျိုးသား ပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ လီရှန်းညင့် ထွက်လာပြီး တင်းတင်းမာမာ ဖြစ်နေမှု ပြေလျော့သွားစေရန် ကြားဝင်ဖျန်ဖြေပေးလေသည်။ “စိတ်ချပါဗျာ။ ကျနော်တို့က ညီနောင်ပါတီတွေပဲ။ တရုတ်ကွန်မြူနစ်ပါတီက ကိုယ့်ညီနောင်ပါတီကို ရောင်းချတဲ့အလုပ်ကို မလုပ်ပါဘူး။ ကျနော်တို့က ဦးနေဝင်းရဲ့ စဉ်းစားပုံတွေနဲ့ သဘောထားတွေကို တဆင့်ပြန်ပြီး ရဲဘော်တို့ကို ပြောပြတာလောက်ပဲ ရှိပါတယ်။ ရဲဘော်တို့နိုင်ငံရဲ့ အတွင်းရေးတွေ၊ ရဲဘော်တို့ ပါတီတွင်းကိစ္စဝိစ္စတွေကို တရုတ်ပြည်ကွန်မြူနစ်ပါတီအနေနဲ့ လုံးဝ ဝင်မစွက်ပါဘူး” ဟု နှစ်သိမ့်ပြောဆိုလေသည်။ နှစ်ပါတီ အစည်းအဝေးပြီးဆုံးချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ဟူယောက်ပန်းက ဗမာပြည်ကွန်မြူနစ်ပါတီကို ကူညီထောက်ပံ့နေသည့် စစ်ရေးကိစ္စအဝဝကို လုံးဝ ရပ်စဲလိုက်ကြောင်း၊ စီးပွားရေးဆိုင်ရာ ကုန်ပစ္စည်းထောက်ပံ့မှုများကိုတော့ ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်လေသည်။ တဆက်တည်းတွင် မြန်မာအစိုးရအပေါ် ထားရှိသည့် တရုတ်ကွန်မြူနစ်ပါတီ၏ သဘောထားကို ပြောကြားရာ “မြန်မာနိုင်ငံဟာ ဆိုရှယ်လစ်နိုင်ငံလည်း မဟုတ်သလို အရင်းရှင်ဝါဒီနိုင်ငံလည်း မဟုတ်ပါ။ ဘယ်လိုစနစ်မျိုး ဖြစ်တယ် ဆိုတာကတော့ သမိုင်းမှာ နောက်လူတွေက နိဂုံးချုပ် သုံးသပ်ပေးပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့ပိုင်း ဖြစ်ရပ်တခု ရှိနေပါတယ်။ အဲဒါကတော့ ဘယ်လို နိုင်ငံရေးအဖွဲ့အစည်းကမှ စစ်တပ်အစိုးရ နေရာကို ဝင်ရောက်အစားထိုးနိုင်ခြင်း မရှိသေးပါ။ မြန်မာနိုင်ငံရဲ့ အကြောင်းကိစ္စအားလုံးကို စစ်တပ်အစိုးရ ပြောသမျှနဲ့ပဲ ပြီးစီးသွားရတာချည်း ဖြစ်နေပါတယ်။ ကျနော်တို့ တရုတ်ကွန်မြူနစ်ပါတီက တိုင်းပြည်အာဏာကို လက်ဝယ်ဆုပ်ကိုင်ထားတဲ့ပါတီ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အစိုးရက အစိုးရချင်း ပေါင်းသင်းဆက်ဆံခြင်းကို ပြုရပါတယ်။ အဲဒီအချက်နဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံ အစိုးရကို ကျနော်တို့ ဘာအကြောင်းအရာတခုမျှ လျှို့ဝှက်မထားပါ။ အမှန်ကို အမှန်အတိုင်း မြန်မာအစိုးရကို အသိပေး ပြောဆိုပြီးပါပြီ” ဟု ပြောကြားလိုက်လေသည်။ အစည်းအဝေးခန်းမထဲက ထွက်လာကြသောအခါ ဒေါသမပြေသေးသော သခင်ဗသိန်းတင်က ဒု-ဥက္ကဋ္ဌ ရဲဘော်ခင်မောင်ကြီးကို “သူတို့က မျက်နှာလွှဲခဲပစ် လုပ်လိုက်တာဗျ၊ ကတိသစ္စာ မတည်ကြဘူး” ဟု ဆိုလိုက်သောအခါ ရဲဘော်တင်ရီကလည်း “သူတို့က ဝန်ထုပ်ကြီးကို ပစ်ချလိုက်တာပဲ” ဟု ဝမ်းနည်းစွာ ဆိုလေသည်။ ရဲဘော်ခင်မောင်ကြီးက “ငမွဲနဲ့ သူကြွယ် မိတ်ဆွေဖွဲ့ရတာ ခက်တယ်လေဗျာ။   အနှေးနဲ့အမြန် ကိုယ့်လမ်းကိုယ် သွားရမှာပေါ့၊ ငမွဲမှာလည်း ငမွဲရဲ့ အကျပ်အတည်း အခက်အခဲ ရှိမယ်။ သူကြွယ်မှာလည်း သူကြွယ် အကျပ်အတည်း အခက်အခဲရှိမယ်။   ကျနော်တို့က တချိန်လုံး သူများ ပေးစာကမ်းစာနဲ့ အသက်ရှင် နေထိုင်သွားလို့ ဘယ်ဖြစ်မလဲ” ဟု တွေးတွေးဆဆ ပြောလေ၏။ တကယ်တမ်း စတင်တိုက်ခိုက်ခဲ့သူကား ဗမာပြည်ကွန်မြူနစ်ပါတီ။ ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဝနယ် ပန်ဆန်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ တတိယအကြိမ် ပါတီညီလာခံကို ကျင်းပသည်။ ၁၉၈၅ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ပြီးဆုံးခဲ့သဖြင့် ၂၄ ရက်တိုင် ကြာမြင့်သည်။ တရုတ်ပြည် ကွန်မြူနစ်ပါတီက လက်နက်ခဲယမ်းမီးကျောက်နှင့် ပတ်သက်သော စစ်ရေးအကူအညီ ဖြတ်တောက်လိုက်သဖြင့် မိမိတို့လက်ထဲတွင်ရှိနေသည့် လက်နက်ခဲယမ်းများကို ချွေချွေတာတာသုံးစွဲလျှင် ၁၀ နှစ်စာမျှ ဆက်လက်အသုံးပြုနိုင်ရမည်ဟု ဆုံးဖြတ်ထားကြသည်။ ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ကွတ်ခိုင်-မူဆယ်ကားလမ်း အရှေ့ဘက်ရှိ စီစီဝမ်-တာပန် တောင်ကြော (CPB တို့အခေါ် ရွှေကျင်ဝမ်း) ကို ဗမာပြည်ကွန်မြူနစ်ပါတီ တပ်များက “နိုင်” စစ်ဆင်ရေးဖြင့် စတင်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ တပ်မတော်မှ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စီစီဝမ်-တာပန်ကိုသာမက  မူဆယ်-နမ့်ခမ်း ကားလမ်း ညာဘက်ခြမ်း ရွှေလီမြစ် တဖက်ကမ်း မန်ဟီးရိုး (မန်ဟျိုး) ကို ၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လည်းကောင်း၊ ကြူကုတ်-ပန်ဆိုင်းကိုလည်း ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်လည်းကောင်း ဆက်လက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြသဖြင့် ဦးနေဝင်း၏ ရည်ရွယ်ချက် အထမြောက်သွားခဲ့ပေပြီ။ ထိုစဉ်က မြောက်ပိုင်းဗျူရို ဒုတိယအတွင်းရေးမှူး တာဝန်ထမ်းဆောင်နေသော ရဲဘော်စိုင်းအောင်ဝင်းက အစည်းအဝေးတခုတွင် “ဒီတခါ စစ်ဆင်ရေးကတော့ ဆန် ၃ ဆန် ဆုံးရှုံးသွားတာပဲ။ နံပါတ် (၁) ဆန်ကတော့ စားတဲ့ဆန်၊ မုံးပေါ်ကွင်းကျသွားတော့ ဆန်စပါးရစရာ နေရာမရှိတော့ဘူး။ နံပါတ် (၂) ဆန်ကတော့ ပိုက်ဆံ၊ ကြူကုတ်-ပန်ဆိုင်း ပါသွားပြီဆိုတော့ အခွန်အကောက်ရော၊ ကုန်သွယ်ရေးကရော ဘာဝင်ငွေမှ မရနိုင်တော့ဘူး။ နံပါတ် (၃) ဆံကတော့ ကျည်ဆန်။ ကုန်ပြီလေ။ ဗဟိုကပြောတဲ့ ၁၀ နှစ် တောင့်ခံဖို့ဆိုတာ ဘယ့်နှယ်လုပ် တောင့်ခံနိုင်မှာတုံး။ ငါးနှစ်တောင် အနိုင်နိုင်” ဟု သုံးသပ် ပြောကြားခဲ့လေတော့သည်။ ရဲထွန်း (သီပေါ) ကိုးကား - မန်းဖိုးအေး (ဝါးခယ်မ) ဘာသာပြန်သော ဗမာပြည်ကွန်မြူနစ်ပါတီခရီးကြမ်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024