မြောက်ကိုရီးယားက ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ဟု တောင်ကိုရီးယား သတင်းထုတ်ပြန်

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားနိုင်ငံဟာ နိုဝင်ဘာ ၂၈ ရက်နေ့က ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ကို ကိုးကားပြီး ယွန်ဟပ်သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူပိတ်ဆို့မှုတွေကို အာခံပြီး နျူကလီးယားလက်နက်နဲ့ ဒုံးကျည်အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နေတာပါ။ မြောက်ကိုရီးယား အဲဒီလို ဒုံးကျည်ပစ်လွှတ်ပြီးနောက် မိနစ်ပိုင်းအကြာမှာပဲ တောင်ကိုရီးယား စစ်တပ်ကလည်း ဒုံးကျည်စမ်းသပ်ပစ်ခတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယား ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ တိုက်ချင်းပစ်ဒုံးကျည် ဖြစ်ပုံရပြီး ဂျပန်နိုင်ငံအနီး ကျရောက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ သီအိုရီအရ အခုဆိုရင် ဝါရှင်တန်ဒီစီဟာ မြောက်ကိုရီးယားလက်နက် ပစ်ခတ် ရောက်ရှိနိုင်တဲ့ ဧရိယာစက်ကွင်းအတွင်း ရောက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေး ပြောကြားလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားကို အကြမ်းဖက်မှု အားပေးတဲ့ နိုင်ငံများစာရင်းမှာ ပြန်လည်ထည့်သွင်းပြီး တပတ်အကြာမှာ အခုလို ဒုံးကျည်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားကို ဆက်လက်ဖိအားပေးပြီး ဒဏ်ခတ်ရုံကလွဲပြီး တခြားနည်းလမ်း မရှိဘူးလို့ တောင်ကိုရီးယားသမ္မတက ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်ခဲ့ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တောင်းဆိုလိုက်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားကို အမြင့်ဆုံး ဖိအားပေးမှာဖြစ်တယ်လို့ ရှင်ဇိုအာဘေးက ပြောကြားခဲ့ပါတယ်။ “နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြောက်ကိုရီးယားအပေါ် အရေးယူ ဒဏ်ခတ်ရမှာ ဖြစ်ပါတယ်။ ဂျပန်-အမေရိကန် မဟာမိတ်ဖြစ်မှုအရ ဂျပန်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဆက်လက်ကာကွယ် စောင့်ရှောက်သွားမှာ ဖြစ်ပါတယ်။” မကြာသေးမီကလည်း မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံကို ဖြတ်ကျော်ပြီး ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပြီးနောက် ဆဋ္ဌမမြောက်နဲ့ အကြီးဆုံး ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု ပြုလုပ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up