Live
Home
မြန်မာသတင်း
မိုးညှင်းမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှာ ပါဝင်သူ ရဲတပ်ကြပ်တဦး ဖမ်းမိ
DVB
·
November 28, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဧရာဦးစီမံချက်အရ ဖမ်းဆီးရေး လုပ်ရာမှာ မူးယစ်ဆေးဝါး  ရောင်းဝယ်ရာမှာ ပါဝင်သူ ရဲဒုတပ်ကြပ်တဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။ ခရိုင်မှုခင်း နှိမ်နင်းရေးအဖွဲ့က ဒုရဲအုပ်ဇော်လွင်၊ မြို့နယ်ရဲစခန်းက နယ်ထိန်းရဲတပ်ကြပ်ကြီး ဝင်းထွဋ်ဝင်း၊ မူးယစ်တပ်စု ၃ ရဲတပ်ကြပ် အောင်မျိုးထွန်းတို့ ပူးပေါင်းတပ်ဖွဲ့ဟာ သက်သေ နားခါရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရေလည်ကျွန်းရပ်ကွက် ရာအိမ်မှူးတို့နဲ့အတူ သာစည်ရပ် ဧရာဝတီဘဏ်အနီး ရွှေနှင်းဆီ လက်ဖက်ရည်ဆိုင်မှာ အသွင်ယူ စောင့်ဆိုင်းနေခဲ့ပါတယ်။ ကသာမြို့နေသူ လူလေးဆီက ဘိန်းဖြူဆပ်ပြာခွက် ၁ ခွက်က ငွေကျပ် ၂ သိန်း ၉ သောင်းနဲ့ ဝယ်ယူဖို့ ဈေးညှိနှိုင်းအပြီး ဖုန်းနဲ့ ကသာရဲစခန်းမှ လ/၂၁၂၀၅၂ ရဲဒုတပ်ကြပ် ကိုကိုကြီးကို ဆက်သွယ်ခဲ့ပါတယ်။ ဒုတပ်ကြပ်ကိုကိုကြီးက စီးနင်းလာတဲ့ ဆိုင်ကယ်ခွကြားမှာ ညှပ်ယူလာတဲ့ လွယ်အိတ်ငယ်ကို လူလေးကို လာရောက်ပေးချိန်မှာ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရှာဖွေခဲ့ပါတယ်။ လွယ်အိတ်ငယ်ထဲက ဆပ်ပြာခွက်ထဲမှာ ထည့်ထားတဲ့ ပလတ်စတစ်နဲ့ ထုပ်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါမှုန့် အလေးချိန် ၁၀ ဂရမ်ခန့်စီပါ ၂ ဘူး၊ စုစုပေါင်းအလေးချိန် ၂၀ ဂရမ်ကို တွေ့ရှိသိမ်းဆည်းမိခဲ့ပါတယ်။ လူလေးကို ဆက်လက်ရှာဖွေရာ ဝတ်ဆင်ထားတဲ့ အတွင်းခံဘောင်းဘီထဲက ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြားလို့ ယူဆရတဲ့ နီညိုရောင် ဆေးပြား ၄၀ ကို တွေ့ရှိရပါတယ်။ “လူစည်တဲ့မြို့ထဲမှာ ဧရာဦးစီမံချက်အရ ဖမ်းဆီးရေး လုပ်ကြတာဆိုတာ ပြည်သူတွေ သိသွားကြတော့ အားရကျေနပ်တယ်။ ဆက်ဖမ်းဆီးနိုင်ပါစေလို့ အားပေးပါတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ ကသာမြို့နယ်နေ လူလေး၊ ကသာမြို့နယ် ရဲစခန်းက ရဲဒုတပ်ကြပ် ကိုကိုကြီးတို့ကို ဒုရဲအုပ်ဇော်လွင်က တရားလိုပြုလုပ်ပြီး မိုးညှင်းရဲစခန်းက မယ(ပ)၁၇၂/၁၇ မူးစိတ်ပုဒ်မ၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024