ဟာဝိုင်အီကျွန်းတွင် နျူကလီးယားတိုက်ခိုက်မှု သတိပေး အချက်ပြစနစ် ပြန်လည်ပြုလုပ်မည်

အလားအလာရှိတဲ့ မြောက်ကိုရီးယား ဒုံးကျည်တိုက်ခိုက်မှုအတွက် ပြင်ဆင်တဲ့အနေနဲ့ ဟာဝိုင်အီကျွန်းမှာ နျူကလီးယားတိုက်ခိုက်မှု သတိပေး အချက်ပြစနစ်ကို ပြန်လည်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီ သတိပေး အချက်ပြစနစ်ကို လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်စမ်းသပ်မှာဖြစ်ပြီး နောက်ပိုင်း လစဉ် ပထမသီတင်းပတ်ရဲ့ တနင်္လာနေ့တိုင်း စမ်းသပ်သွားမှာဖြစ်တယ်လို့ ဟာဝိုင်အီ အရေးပေါ်စီမံခန့်ခွဲရေး အေဂျင်စီက ထုတ်ပြန်ပါတယ်။ စမ်းသပ်ကာလအတွင်း သတိပေး အချက်ပြစနစ်ကို ကြားသိပါက ၁၂ မိနစ်ကနေ ၁၅ မိနစ်အတွင်း ဒုံးကျည်ကျရောက်နိုင်တဲ့အတွက် ဒေသခံတွေဟာ ချက်ချင်း အကာအကွယ်ယူကြရမှာ ဖြစ်ပါတယ်။ ဟာဝိုင်အီ ကာကွယ်ရေးဌာန ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ဒေသခံတွေဟာ ကြိုတင်လေ့ကျင့်မှုကို ၁၄ ရက်ခန့် ပြုလုပ်သင့်တယ်လို့ ဖော်ပြထားပေမယ့် ဒေသခံ ၉၀ ရာခိုင်နှုန်းဟာ နျူကလီးယား တိုက်ခိုက်မှုကနေ အသက်ရှင် လွတ်မြောက်နိုင်တယ်လို့လည်း ဆိုထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည် ၂ စင်းကို ဂျပန်နိုင်ငံပေါ် ဖြတ်ကျော်ပစ်လွှတ်ခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကလည်း ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

More News
Up