Home
မြန်မာသတင်း
မအူပင်မြို့မှ မြစ်ဆုံဒေသအထိ သွားရောက်မည့် BlKER ဆိုင်ကယ်အဖွဲ့ ခရီးစဉ်စတင်
DVB
·
November 28, 2017
ဧရာဝတီတိုင်း မအူပင်မြို့က ဆိုင်ကယ်ချစ်သူတွေ ဖွဲ့စည်းထားတဲ့ BIKER ဆိုင်ကယ်အဖွဲ့ဟာ မြစ်ဆုံဒေသအထိ သွားရောက်မယ့် ဆိုင်ကယ်စီးခရီးစဉ်ကို စတင်တဲ့အနေနဲ့ ဒီကနေ့ မနက် ၃ နာရီလောက်မှာ မအူပင်မြို့ကနေ စတင်ထွက်ခွာသွားပါတယ်။ ခရီးစဉ်ထဲမှာ ဆိုင်ကယ် ၁၄ စီးနဲ့ မအူပင်မြို့က ဆိုင်ကယ်သမား ၁၆ ဦး ရန်ကုန်မြို့နဲ့ ဖျာပုံမြို့တို့က ဆိုင်ကယ်သမား ၁ ဦးစီ ပါဝင်သွားပြီး မြစ်ဆုံဒေသအပြင် ပုဂံနဲ့ ချင်းပြည်နယ် ကန်ပက်လက် မြို့နားက အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ထားတဲ့ အမြင့်ပေ ၁ သောင်းကျော်ရှိတဲ့ နတ်မတောင်(ဝိတိုရိယတောင်)ကိုလည်း တက်ရောက်သွားမှာဖြစ်ပြီး စုစုပေါင်း ၈ ရက်လောက်ကြာမယ်လို့ လိုက်ပါသွားတဲ့ ဆိုင်ကယ်သမားတွေက ပြောပါတယ်။ ဆိုင်ကယ်ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ကိုကျော်ကျော်မင်းက“ဒီဇင်ဘာ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ မန္တလေးမြို့မှာ ကျင်းပမယ့် တနိုင်ငံလုံးက ဆိုင်ကယ်သမားတွေ တွေ့ဆုံပွဲကို သွားရင်း မြစ်ဆုံအထိ ဆိုင်ကယ်နဲ့ လည်ပတ်သင့်တယ်ထင်လို့ သွားတာပါ။ အပြန်မှာ နတ်မတောင်ကို တက်ရောက်ပြီး ပုဂံဘက်ကို ဝင်မယ်လို့ စီစဉ်ထားပါတယ်”လို့ ပြောပါတယ်။ ခရီးစဉ်မှာ မအူပင်မြို့ BlKER ဆိုင်ကယ်အဖွဲ့ဝင်တွေ စီးနင်းသွားတဲ့ ဆိုင်ကယ်တွေထဲမှာ Street BMW နဲ့ Harry စတဲ့ ဆိုင်ကယ်အမျိုးအစားတွေကိုပါဝင်ပါတယ်။ “မိသားစုဝင်တွေ ကလေးတွေလည်းပါတဲ့ ကားတွေလည်း ပါသွားတယ်ခင်ဗျ။ သူတို့အဖွဲ့က နဂိုကလည်း ဧရာဝတီတိုင်းထဲက ငွေဆောင်တို့ ချောင်းသာတို့လို ခရီးစဉ်တွေလည်း သွားဖူးတယ်လို့ သိရတယ်”လို့ မအူပင်မြို့ခံ ကိုဝင်းဇော်က ပြောပါတယ်။ မအူပင်မြို့ BIKER ဆိုင်ကယ်အဖွဲ့ကို ၂၀၁၄ ခုနှစ်က ဧရာဝတီတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီး နစ်မြုပ်မှုတွေကို ဆိုင်ကယ်တွေနဲ့ သွားရောက်ကူညီရင်း ပရဟိတ ဆိုင်ကယ်ချစ်သူတွေက ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အခုချိန်မှာ အဖွဲ့ဝင် ၃၀ ဦးနီးပါး ရှိနေပြီဖြစ်ပါတယ်။ သတင်း - မြမင်းဦး(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024