မန်စီးတီးကို အမီလိုက်ရန် ကစားသမားကောင်းများ ခေါ်ယူဖို့လိုဟု ချဲလ်ဆီးနည်းပြ ပြော

မန်စီးတီးအသင်းကို အမီလိုက်ဖို့အတွက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားကောင်းတွေ ခေါ်ယူဖို့လိုတယ်လို့ ချဲလ်ဆီးနည်းပြ ကွန်တီက ပြောလိုက်ပါတယ်။ ချဲလ်ဆီနည်းပြ ကွန်တီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက တိုက်စစ်မှူး လူကာကူ အပါအဝင် အင်တာမီလန်က ကင်ဒရီဗာ၊ အဲဗာတန်က ရော့ဘာကလေနဲ့ ဆောက်သမ်တန်က ဗန်ဒိုက်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ဒီလို အဆင်မပြေဖြစ်ခဲ့ပေမယ့် မန်စီးတီးအသင်းက ကစားသမားကောင်းတွေ ခေါ်ယူအားဖြည့်ခဲ့တဲ့အတွက် ခြေစွမ်း အများကြီး တိုးတက်လာတယ်လို့ ကွန်တီက ဆိုပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း ကစားသမားကောင်းတွေ ထပ်ပြီး ခေါ်ယူဖို့ရှိတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့လည်း လိုအပ်တဲ့ ကစားသမားတွေကို ခေါ်ယူပေးဖို့လိုတယ်လို့ အသင်းဘုတ်အဖွဲ့ကို ကွန်တီက တိုက်တွန်းပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယာလိဂ်ပွဲစဉ် ၁၃ ပွဲ ကစားပြီးချိန်မှာ ဒုတိယနေရာက မန်ယူကို ၈ မှတ်အထိ ဖြတ်ထားပြီး ချဲလ်ဆီးအသင်းကိုလည်း ၁၁ မှတ်အထိ ဖြတ်ထားပါတယ်။

More News
Up