သတင်းမီဒီယာကျင့်ဝတ်တာဝန်နဲ့ ပဋိပက္ခတွေထဲက သတင်းမီဒီယာ အခန်းကဏ္ဍ – အယ်ဒီတာစကားဝိုင်း (ရုပ်သံ)

ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ သတင်းမီဒီယာတွေရဲ့ ကျင့်ဝတ် တာဝန်နဲ့ ပဋိပက္ခတွေထဲမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို ဆွေးနွေးမှာပါ။ ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ဦးဇေယျာလှိုင်တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ကိုကျော်မင်းဆွေကို အရင်မေးပါရစေ။ သတင်းမီဒီယာတွေမှာတော့ ချစ်လို့လည်း သတင်းမလုပ်နဲ့၊ မုန်းလို့လည်း သတင်းမလုပ်နဲ့လို့ ပြောကြတယ်ပေါ့။ အခု ရခိုင်လို ပဋိပက္ခမျိုးမှာ ချစ်ခြင်းတွေ၊ မုန်းခြင်းတွေ ပါနေပြီလားပေါ့။ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ အဲဒီကနေစပြီး ဆွေးနွေးပေးပါဦး။” ဦးကျော်မင်းဆွေ (The Voice  အယ်ဒီတာချုပ်) “ဒါကတော့ အားလုံးလည်း သိတဲ့အတိုင်းပေါ့လေ။ သတင်းစာပညာရပ်၊ သတင်းပညာရပ်မှာ ချစ်ခြင်း၊ မုန်းခြင်း မပါရဘူးဆိုတာ အားလုံးသိပြီးသား။ သို့သော်လည်း အခြေအနေ အချိန်အခါပေါ် မူတည်ပြီးတော့ ချစ်ခြင်း၊ မုန်းခြင်း ပါနေကြသလားဆိုတဲ့ အသံတွေကလည်း ကျယ်ကျယ်လောင်လောင် ဖြစ်နေတော့။ အထူးသဖြင့်တော့ ရခိုင်ပြဿနာပေါ့နော်။ ရခိုင်ပြဿနာ မတိုင်ခင်ကလည်း အရင် အမေရိကက အီရတ်ကို တိုက်တဲ့စစ်ပွဲက အစပေါ့နော်။ တော်တော်များများမှာလည်း ဒီပြဿနာတွေကို ဆွေးနွေးကြတာ ရှိပါတယ်။ CNN တို့၊ Fox တို့ ဘာတို့က အစပေါ့နော်။ ဒီဘက်က အခုဆိုရင် အယ်လ်ဂျာဇီးယားတို့ ဘာတို့ကအစ အပြန်အလှန် တဖက်နဲ့တဖက် ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ လုပ်နေသလားဆိုတာတွေ ရှိတယ်။ အခု ဒီကိစ္စမှာလည်း အဲဒီလို ပြောကြတာရှိတယ်။ ရှိတော့ ပြည်တွင်းမီဒီယာတွေကတော့ သာမန်အားဖြင့်တော့ Professionalism နဲ့ ကြိုးစားပြီး သွားနေတဲ့ မီဒီယာရှိသလို ချစ်ခြင်း၊ မုန်းခြင်း ပါတဲ့သူလည်း ရှိပါတယ်။ ပါတာကလည်း တမင်သက်သက် ပါတာလား၊ မတတ်သာလို့ ပါတာလား။ အခြေအနေ အကြောင်းအရာတွေက ပါအောင် ဖန်တီးနေသလား ဆိုတာလည်း မေးစရာ မေးခွန်းပေါ့။ ပြင်ပမီဒီယာတွေက အားလုံးသိတဲ့အတိုင်း သတင်းအတတ်ပညာနဲ့ ကြည့်ရင်ကအစ တဖက်စောင်းနင်း ဖြစ်နေတဲ့ ကိစ္စတွေ ရှိလာတယ်။ ပြည်တွင်းမီဒီယာတွေမှာလည်း ဒါတွေကို ပြန်ပြီး Response ပေးတဲ့အနေနဲ့ တဖက်စောင်းနင်းဆန်ဆန် ဖြစ်သွားတာတွေ ရှိတယ်။ တချို့ကလည်း တဖက်စောင်းနင်းဆန်ဆန် ဖြစ်ချင်လို့ဖြစ်တာ မဟုတ်ဘူးပေါ့နော်။ ဥပမာ ရခိုင်ကို ပြည်တွင်းမီဒီယာတွေ သွားခွင့်မရဘူး။ မြေပြင်သတင်းယူခွင့် မရဘူး။ သို့သော်လည်း ပြင်ပမီဒီယာတွေက တဖက် ဘင်္ဂလားဒေ့ရှ်ဆိုက်ကနေ နယ်စပ်ကို ဝင်ပြီးတော့ ကော့က်စ်ဘဇား ဝင်ပြီးတော့ သတင်းယူခွင့်ရတယ်။ သူတို့ကလည်း တဖက်က ခံရတဲ့ဘက်လို့ပဲ ပြောမလား၊ တဖက်ဆိုက်ကပဲ သူတို့ သတင်းယူပြီး လွှင့်တာတွေ ရှိတယ်။ ဒါတွေဟာ ချစ်ခြင်း၊ မုန်းခြင်း ပါသလားဆိုတာ ပြောရမယ်ဆိုရင် အခြေအနေတွေက အဲဒီလိုပါအောင် ဖန်တီးပေးနေသလိုပဲ။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာကျော်မင်းဆွေကတော့ လောလောဆယ် ချစ်ခြင်း၊ မုန်းခြင်းတွေ ပါနေပြီလားဆိုတာကို Access to the source ပေါ့နော်။ တကယ်တမ်း သတင်းရင်းမြစ်တွေ ဘယ်လောက်သွားနိုင်လဲအပေါ်မှာ ပြောသွားတာပေါ့နော်။ ဆရာဇေယျာလှိုင်လည်း မော်ကွန်းမှာလုပ်နေသလို မြန်မာဂျာနယ်လစ်နက်ခ်ဝါ့ခ်မှာလည်း ပါတယ်။ သတင်းထောက်တွေ အခုလောလောဆယ် သတင်းမီဒီယာတွေမှာ အရောင်တွေ ပါနေပြီလား။ ဒီမေးခွန်းပေါ်မှာပဲ ဖြည့်စွက်ဆွေးနွေးပေးပါဦး။” ဦးဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း) “မီဒီယာတိုင်းမှာ သူတို့ရဲ့ပေါ်လစီတော့ ရှိတယ်။ နောက်တခုက သူ့ရဲ့ Target Audience ပေါ့။ သူ့ပရိသတ်ပေါ် မူတည်ပြီးတော့ သတင်းကို တင်ဆက်တာလည်း ပါတယ်။ နောက်ထပ် အရေးကြီးတာက မီဒီယာ Owner ပေါ့နော်။ မီဒီယာ Owner ရဲ့ Interest ပေါ့။ နိုင်ငံတကာ မီဒီယာတွေရဲ့ တင်ဆက်တဲ့ပုံစံက ချစ်ခြင်း၊ မုန်းခြင်းလည်း ပါကောင်းပါနိုင်သလို သူတို့ရဲ့ Business Interest က များတယ်လို့ ကျနော် မြင်တယ်။ ဥပမာ အခု ကျနော် မြောက်ကိုရီးယား မရောက်ဖူးဘူး။ မီဒီယာတွေက ဘာဖော်ပြသလဲ ဆိုတာပဲ ကျနော်တို့က ကြည့်ပြီးတော့ ခန့်မှန်းရတာပေါ့။ သူ့ရဲ့ လူ့အခွင့်အရေးအခြေအနေ ဘယ်လိုလဲ။ စီးပွားရေး အခြေအနေ ဘယ်လိုလဲ။ ကျနော်တို့ ခန့်မှန်းရတယ်။ ဒီအတိုင်းပဲ အခုပြဿနာက ကျနော်တို့ ရခိုင်ကို ရောက်ဖို့က သတင်းမီဒီယာသမားတွေက အကန့်သတ်ခံထားရတယ်။ အဲဒီတော့ ပြန်ကြည့်ရင် တဖက် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက အသံက ပိုကျယ်ကျယ်လောင်လောင် ကြားရတယ်။ လူရဲ့ Psychology သဘောသဘာဝအရ သူ များများကြားရတဲ့အရာကို ကြာတဲ့အခါကျတော့ ဟုတ်နိုးနိုးဆိုတဲ့ ပုံစံမျိုး ဖြစ်လာတဲ့အခါကျတော့ အဲဒီ ယူဆချက်တရပ်အပေါ် ဝင်သွားတယ်။ အဲဒီအပေါ် အခြေခံပြီး သတင်းလိုက်တဲ့အခါမှာ စကတည်းကိုက Media Argenda Setting ပေါ့နော်။ အဲဒီလိုမျိုးတွေ စလွဲတာ။ လုပ်ရမယ့်အနေအထားတခုက ပြည်တွင်းမီဒီယာကျတော့လည်း ရေးတော့ ရေးနေတယ်။ ဒါပေမယ့် ပြည်တွင်းမီဒီယာရဲ့ အသံကို နိုင်ငံတကာက မကြားရဘူး။ မပေါက်ဘူးပေါ့။ အစိုးရကလည်း သူတို့မှာ အင်္ဂလိပ်သတင်းစာ ရှိတယ်ဆိုပေမယ့် အစိုးရသတင်းစာဆိုတာကို ယုံကြည်မှုက ပုဂ္ဂလိက လွတ်လပ်တဲ့သတင်းစာလောက် မရှိကြဘူး။ ပြဿနာက ကျနော်တို့ဆီက လွတ်လပ်တဲ့ အားကောင်းတဲ့ မီဒီယာပေါ်လစီကလည်း လက်ရှိအစိုးရမှာ မရှိဘူး ဖြစ်နေတယ်။ နောက်ပြီးတော့ နိုင်ငံတကာကလည်း ပြည်တွင်းရဲ့ အခြေအနေမှန်ကို Access လုပ်လို့မရတဲ့အခါမှာ သူတို့ ကြားနေတယ်။ နိုင်ငံတကာမှာ လော်ဘီတွေလည်း အများကြီးပါ။ သူတို့ အဲဒီအသံတွေပဲ ကြားတဲ့အခါကျတော့ ဒါတွေက အမှန်များလားဆိုတဲ့ ပုံစံနဲ့ သတင်းကို ချဉ်းကပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒါကြောင့်မို့ နိုင်ငံတကာက ကြည့်ရင် ကျနော်တို့နဲ့မတူတဲ့၊ ပြည်တွင်းနဲ့မတူတဲ့ Angle တွေ တွေ့နေရသလို ပြည်တွင်းကလည်း ရေးတဲ့အခါမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကြားရတဲ့အသံမျိုးကို အခြေခံပြီး ရေးတဲ့အခါကျတော့ အဲဒီလိုမျိုး ဘက်လိုက်မှုတွေနဲ့ သတင်းတွေက တဖက်နဲ့တဖက် တင်ဆက်ပုံ မတူတာလို့ ကျနော် မြင်တယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up