သင့်ကျန်းမာရေးအတွက် မည်သည့်ဗီတာမင်ဓာတ်တွေ လိုအပ်နေသလဲ
DVB
·
November 28, 2017
ကျန်းမာရေးနှင့် ဗီတာမင်
ခန္ဓာကိုယ် ကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓာတ်များသည် နေ့စဉ် စားသုံးလိုက်သော အစားအသောက်များနှင့် မလုံလောက်သဖြင့် ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များကို ဖြည့်စွက်စားသုံးပေးရန် လိုအပ်သည်။ ယခင်က ဗီတာမင်ဓာတ်ပါသော ဆေးအမည်မှာ မများလှသော်လည်း ယခုအခါ အမည်မျိုးစုံ၊ တံဆိပ်မျိုးစုံဖြင့် ထုတ်ဝေ ရောင်းချနေသဖြင့် မည်သည့်ဆေးကို အသုံးပြုရမည်ကိုပင် ဆုံးဖြတ်၍ မရနိုင်လောက်အောင် ရှုပ်ထွေးနေမည် ဖြစ်ပေသည်။
အာဟာရဗေဒ ကျွမ်းကျင်သူများ၏ အကြံပြုချက်နှင့်အညီ အစားအသောက်များကို ချင့်ချိန်စားသောက်ပါက လိုအပ်သော ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်များကို ရစေနိုင်သော်လည်း သုတေသနပြုချက်အရ လူ ၁ဝ ဦးတွင် တဦးခန့်ကသာ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို ပြည့်ပြည့်ဝဝ စားသုံးလေ့ရှိကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူများသည် နေ့စဉ် မှီဝဲစားသုံးသော အစားအသောက်များမှ ခန္ဓာကိုယ်အတွက် လိုအပ်သော အရေးကြီးသည့် အာဟာရဓာတ်များ လုံလုံလောက်လောက် ရရှိနိုင်ခြင်းမရှိပေ။ သို့ဖြစ်၍ ဆရာဝန်များက ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များကို အပိုဆောင်း သုံးဆောင်ရန် လိုအပ်ကြောင်း အကြံပြု ပြောဆိုသည်။ ခန္ဓာကိုယ်အတွက် အရေးတကြီး လိုအပ်သော ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များနှင့် ၎င်းတို့ကို အကျိုးရှိရှိ ထိထိရောက်ရောက် ဖြစ်စေရေး မည်သို့သုံးစွဲသင့်သည်ကို အောက်တွင် ဖော်ပြအပ်ပါသည်။
ဗီတာမင်အီး
ဗီတာမင်အီးသည် ခန္ဓာကိုယ်၏ ခုခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေပြီး မျက်စိတွင် အတွင်းတိမ်ဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်သည့်အပြင် အယ်လ်ဇိုင်းမား (Alzheimers) ရောဂါ ဖြစ်ပွားမှုကိုလည်း နှေးကွေးစေသည်။
ဗီတာမင်အီးသည် နှလုံးရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်သည်။ ဗီတာမင်အီး စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း မကောင်းသော ကိုလက်စထရောလ်များ လျော့နည်းစေသည်။ ခန္ဓာကိုယ်အတွင်း မကောင်းသော ကိုလက်စထရောလ်များ ရှိနေခြင်းကြောင့် သွေးကြောကျဉ်းခြင်း၊ သွေးလွှတ်ကြော အတွင်းသားများ မာကျောခြင်းတို့ကို ဖြစ်ပေါ်စေပြီး ၎င်းမှတဆင့် သွေးလွှတ်ကြောပိတ်ဆို့၍ နှလုံးဝေဒနာ အပြင်းအထန် ခံစားရမှုကို ဖြစ်ပေါ်စေနိုင်သည်။
ဗီတာမင်အီး သုံးစွဲသူများ၏ ၄ဝ ရာခိုင်နှုန်းသည် နှလုံးရောဂါ ဖြစ်ပွားခံစားရနိုင်သည့် အလားအလာများမှ လျော့နည်းစေနိုင်ကြောင်း ဟားဘတ်တက္ကသိုလ်မှ လေ့လာချက်များအရ သိရှိရသည်။
ဗီတာမင်အီးကို နေ့စဉ်စားသုံးသော ဟင်းသီးဟင်းရွက်ဆီ၊ ဂျုံ၊ ဆန်၊ အခွံမာသီးနှင့် အစေ့များမှ ရရှိနိုင်ပြီး အချို့သောပုဂ္ဂိုလ်များအနေဖြင့် နေ့စဉ်စားသုံးသော အာဟာရမှ ၁၅ မီလီဂရမ် (၃၃-အပြည်ပြည်ဆိုင်ရာယူနစ် I.U) ခန့် ရရှိနိုင်သည်။ သုတေသီများ၏ လေ့လာချက်အရ နေ့စဉ် ဗီတာမင်အီး ၁ဝဝ မှ ၄ဝဝ I.U (အပြည်ပြည်ဆိုင်ရာယူနစ်) ရရှိပါက ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ကြောင်း သိရှိရသည်။
ရှောင်ရန်
ဗီတာမင်အီး အပိုဆောင်းစားသုံးမှုသည် နေ့စဉ် ၁ဝဝဝ I.U အထိ များပြားပါက သွေးလွန်ခြင်း၊ သွေးမတိတ်ခြင်း စသောဝေဒနာများ ခံစားရနိုင်သည်။ သို့ဖြစ်၍ သွေးမတိတ်သည့်ရောဂါ ခံစားနေရသူများသည် ဗီတာမင်အီးကို မသုံးစွဲမီ ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်သည်။
ဗီတာမင်စီ
ဗီတာမင်စီဓာတ်ကို မှီဝဲခြင်းဖြင့် အအေးမိခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ဗီတာမင်စီကို စားသုံးခြင်းဖြင့် အအေးမိသည့်ဝေဒနာ ခံစားရသက်သာစေပြီး တိုတောင်းသော အချိန်အတွင်း သက်သာ ပျောက်ကင်းစေနိုင်သည်။ နေ့စဉ် လိမ္မော်ရည် ၂၅ဝ မီလီမီတာ ဖန်ခွက်တခွက် သောက်သုံးခြင်းဖြင့် လုံလောက်သော ဗီတာမင်စီ ဓာတ်ကို ရရှိစေနိုင်သည်။
ရှောင်ရန်
နေ့စဉ် ၂ဝဝဝ မီလီဂရမ်ထက် များသော ဗီတာမင်စီကို မှီဝဲပါက ဝမ်းဗိုက်ကြွက်တက်ခြင်း၊ ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။
ဗီတာမင်ဘီ
ဖောလစ်အက်စစ် (Folic acid) B12 နှင့် B6 တို့သည် အမျိုးသမီးများ ကလေးမျက်နှာမြင်ရာ၌ အဖိတ်အစဉ် မရှိစေရန်လည်းကောင်း၊ နှလုံးကိုလည်းကောင်း အကာအကွယ်ပေးပြီး အသက်အရွယ် ကြီးရင့်လာသည့်အခါ ဦးနှောက်ဉာဏ် ဆက်လက်ရှင်သန်နေစေရန် အထောက်အကူပြုသည်။ ဗီတာမင်ဘီဓာတ်သည် သွေးအတွင်း ဟိုမိုဆိုင်စတိန်း (Homocysteine) ဟုခေါ်သော ဓာတ်ပါဝင်မှု ပမာဏကို ပုံမှန်အတိုင်း ရှိနေစေရန် အကူအညီပေးသည်။ ဟိုမိုဆိုင်စတိန်း ပါဝင်မှုပမာဏ မြင့်မားခြင်းသည် နှလုံးရောဂါဖြစ်ပွားမှုနှင့် သွေးကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်စေသည်။
ဖောလစ်အက်စစ်သည် ကျန်းမာသော ကလေးငယ်တဦး မွေးဖွားသန့်စင်ခြင်းနှင့် ဝမ်းတွင်းပါ ကျောရိုးကွဲရောဂါ Spina Bifida ခံစားနေရသော ကလေးငယ်တဦး မွေးဖွားသန့်စင်ခြင်းတို့အကြား ခြားနားမှုကို ဖန်တီးပေးနိုင်စွမ်းရှိသည်။ ဖောလစ်အက်စစ်ကို ပေါင်မုန့်၊ ဂျုံမှုန့်၊ ဆန်၊ အီတလီခေါက်ဆွဲခြောက် Pasta တို့မှ ရရှိနိုင်သည်။
ဦးနှောက်ဉာဏ်ရည် မထက်သန်သူများသည် B12 ချို့ယွင်းအားနည်းခဲ့သူများ ဖြစ်သည်။ B12 ချို့ယွင်းမှု ပြင်းထန်ပါက မောပန်းနွမ်းနယ်ခြင်း၊ အာရုံကြောများ ပျက်စီးခြင်းနှင့် ဦးနှောက်အာရုံကြောများ ထိခိုက်သဖြင့် စိတ်ဖောက်ပြန်ခြင်း စသည့် ရောဂါဝေဒနာများ ခံစားရနိုင်ပြီး B12 အသင့်အတင့် ချို့ယွင်းအားနည်းပါက စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်အားငယ်ခြင်း၊ မရေရာမှု၊ ရှုပ်ထွေးမှုတို့ကို ခံစားရတတ်သည်။
အသက်အရွယ် ကြီးရင့်သူများသည် B12 ချို့ယွင်းအားနည်းမှုများ ဖြစ်ပေါ်ရန် အလားအလာအများဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစာမှ B12 ဓာတ်ကို စုပ်ယူနိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်သည်။ အသား၊ ငါးတို့သည် B12 ရရှိနိုင်သော ပင်မအရင်းအမြစ်များ ဖြစ်သည်။ သို့ဖြစ်၍ အသက် ၅ဝ ကျော်ပါက အစားအစာမှ B12 ဓာတ်ကို စုပ်ယူနိုင်စွမ်း အားနည်းသဖြင့် ဖြည့်စွက်စာအဖြစ် မှီဝဲရန် လိုအပ်ကြောင်း အာဟာရဗေဒဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြု ပြောဆိုသည်။
ရှောင်ရန်
၁ဝဝဝ မိုက္ကရိုဂရမ်ထက်ပိုသော ဖောလစ်အက်စစ်ကို မှီဝဲပါက နာ့ဗ်ကြောများကို ပျက်စီးစေနိုင်သည်။ B6 ဆိုပါက ၁ဝဝ မီလီဂရမ်ထက် မများစေရပါ။ ဗီတာမင်ဘီ ဓာတ်သုံးစွဲမှု လိုသည်ထက် ပိုပါက ထုံခြင်း၊ ကြွက်သားများ အားနည်းခြင်းနှင့် နာ့ဗ်ကြောများ ပျက်စီးစေနိုင်ပါသည်။ အသက် ၅ဝ ကျော်၍ ဖောလစ်အက်ဆစ်ကို သောက်သုံးပါက B12 အနည်းဆုံး ၁ဝဝ မိုက္ကရိုဂရမ်ကိုပါ နေ့စဉ် မှီဝဲသင့်သည်။
ကယ်လ်စီယမ် (Calcium)
ကျွန်ုပ်တို့၏သွားများ၊ အရိုးများ ကြံ့ခိုင်သန်စွမ်းစေရန်နှင့် အရိုးပွခြင်းရောဂါမှ ကာကွယ်နိုင်စေရန် ကယ်လ်စီယမ်ဓာတ် အမြောက်အမြား အလိုရှိသည်။ အမေရိကန်နိုင်ငံ အစားအစာနှင့် အာဟာရဆိုင်ရာ ဘုတ်အဖွဲ့ (FNB) ၏ မကြာသေးမီက ထုတ်ပြန်ချက်အရ အသက် ၅ဝ အရွယ် လူကြီးများအတွက် ကယ်လ်စီယမ်ဓာတ် ၁ဝဝဝ မီလီဂရမ်ကို လည်းကောင်း၊ အသက် ၅၁ နှစ်မှအထက် လူကြီးများအတွက် ၁၂ဝဝ မီလီဂရမ်ကို လည်းကောင်း နေ့စဉ်မှီဝဲရန် လိုအပ်ပြီး ၎င်းသည် နွားနို့ ဖန်ခွက်သုံးခွက်မှ လေးခွက်နှင့် ညီမျှသည်ဟု ဆိုသည်။
ရှောင်ရန်
နေ့စဉ် ၂၅ဝဝ မီလီဂရမ်ထက်များသော ကယ်လ်စီယမ် မှီဝဲခြင်းကြောင့် ဓာတ်ချုပ်ခြင်း ဖြစ်နိုင်ပြီး ကျောက်ကပ်နှင့် စပ်လျဉ်းသော ပြဿနာများဖြင့် ကြုံတွေ့နိုင်သည်။
ဗီတာမင်ဒီ
ဗီတာမင်ဒီကို နေရောင်ခြည်မှ ရရှိနိုင်သည်။ ခန္ဓာကိုယ်တွင် ဗီတာမင်ဒီဓာတ် လုံလောက်စွာ ရရှိမှသာ ကယ်လ်စီယမ်ဓာတ်နှင့် မီးစုန်းဓာတ်တို့ကို ကောင်းမွန်စွာ စုပ်ယူနိုင်မည် ဖြစ်သည်။ ဗီတာမင်ဒီဓာတ်ကို နွားနို့၊ ထောပတ်၊ ကြက်ဥနှစ်တို့မှလည်း ရရှိနိုင်သည်။
ရှောင်ရန်
နေ့စဉ် ဗီတာမင်ဒီကို ၁ဝဝဝ မှ ၂ဝဝဝ I.U (အပြည်ပြည်ဆိုင်ရာ ယူနစ်) မှီဝဲခြင်းဖြင့် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးခုန်မှု ပုံမှန်မဟုတ်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း စသော ဆိုးကျိုးများ ရရှိခံစားနိုင်သည်။
မဂ္ဂနီစီယမ် (Magnesium)
အရိုးနှင့်သွားများ ကြံ့ခိုင်သန်စွမ်းစေရန် အဓိကလိုအပ်သော သတ္တုဓာတ်တမျိုး ဖြစ်ပါသည်။ အနှံများ၊ အခွံမာအသီးများ၊ ပဲတောင့်ရှည်နှင့် အစိမ်းရင့်ရောင်ရှိသော အရွက်များမှ မဂ္ဂနီစီယမ်ဓာတ်ကို ရရှိနိုင်သည်။
ရှောင်ရန်
၃၅ဝ မီလီဂရမ်ထက်ပိုသော မဂ္ဂနီစီယမ်ကို မှီဝဲခြင်းဖြင့် ဝမ်းသွားခြင်း၊ ပျို့အန်ခြင်း စသည့်ဝေဒနာများ ခံစားရနိုင်သည်။
သံဓာတ် Iron
ကလေးငယ်များ၊ ဆယ်ကျော်သက်နှင့် ကိုယ်ဝန်ဆောင်နိုင်သည့် အသက်အရွယ်ရှိသော အမျိုးသမီးများတွင် သံဓာတ်ပါဝင်မှု နိမ့်ကျလေ့ရှိပြီး ကျန်းမာသော အမျိုးသားများနှင့် ဓမ္မတာသွေးဆုံးချိန်နီးသော အမျိုးသမီးကြီးများတွင် သံဓာတ် ထပ်မံဖြည့်စွက်ရန် လိုအပ်မှုမရှိကြောင်း တွေ့ရှိရသည်။ ဒုတိယအုပ်စုတွင် ပါဝင်သောသူများအား သံဓာတ် ထပ်မံဖြည့်စွက်ပါက အကျိုးထက် အပြစ်ကိုသာ ခံစားရမည် ဖြစ်သည်။ ခန္ဓာကိုယ်အတွင်း သံဓာတ်များ လိုအပ်သည်ထက် ပိုမိုစုဆောင်းထားခြင်းဖြင့် နှလုံးရောဂါနှင့် အသည်းနှင့်ပတ်သက်သော ပြဿနာများ ဖြစ်ပွားနိုင်သည်။
ရှောင်ရန်
နေ့စဉ် သံဓာတ် ၇၅ မီလီဂရမ် ထပ်မံဖြည့်စွက်ခြင်းဖြင့် ပျို့အန်ခြင်း၊ ဝမ်းသွားခြင်းနှင့် ဝမ်းဗိုက်နာကျင်ခြင်း ဝေဒနာတို့ကို ခံစားရနိုင်သည့်အပြင် အခြားသော သတ္တုဓာတ်များအား စုပ်ယူခြင်းကိုလည်း ဟန့်တားစေသည်။
အထက်တွင် ဖော်ပြထားသော ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များကို မိမိခန္ဓာကိုယ် လိုအပ်ချက်အရ နားလည်တတ်ကျွမ်းသူ ဆရာဝန်များနှင့် တိုင်ပင်၍ သုံးဆောင်ခြင်းဖြင့် ကျန်းမာသက်ရှည်စေမည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
အောင်ဇင်