လေပြင်းတိုက်ခတ်မှုကြောင့် ပျောက်ဆုံးရေငုပ်သင်္ဘော ရှာဖွေရေးလုပ်ငန်း ကြန့်ကြာ

2.7K
ပျောက်ဆုံးနေတဲ့ အာဂျင်တီးနား ရေငုပ်သင်္ဘော ရှာဖွေရေးဟာ ၁၁ ရက်မြောက်နေ့ ရောက်ရှိလာပြီး လေပြင်းတွေ တိုက်ခတ်မှုကြောင့် ရှာဖွေရေးလုပ်ငန်း ကြန့်ကြာနေပါတယ်။
သင်္ဘောအမှုထမ်း ၄၄ ဦး လိုက်ပါသွားခဲ့တဲ့ ARA San Juan ရေငုပ်သင်္ဘောဟာ နိုဝင်ဘာ ၁၅ ရက်နေ့က အတ္တလန္တိတ် သမုဒ္ဒရာတောင်ပိုင်းမှာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးခဲ့တာပါ။
အဲဒီအတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အပူတပြင်း လုပ်ဆောင်နေပြီး သမုဒ္ဒရာအတွင်း လေပြင်းတွေ တိုက်ခတ်နေတာကြောင့် လုပ်ငန်းကြန့်ကြာနေရပါတယ်။
“ပင်လယ်အခြေအနေပေါ် မူတည်ပါတယ်။ ရာသီဥတုကောင်းတာနဲ့ အမြန်ဆုံး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆက်လုပ်မှာပါ” လို့ အမေရိကန် မရိမ်းတပ် ဗိုလ်ကြီးက ပြောပါတယ်။
အဲဒီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ဘရာဇီး၊ ချီလီနဲ့ ဗြိတိန် အပါအဝင် နိုင်ငံတကာမှ သင်္ဘောနဲ့ လေယာဉ် စုစုပေါင်း အစီး ၃၀ ခန့်၊ အမှုထမ်းပေါင်း ၄,၀၀၀ ခန့်နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အာဂျင်တီးနား ရေတပ်ပြောခွင့်ရပုဂ္ဂိုလ်က “လူတဦးရဲ့ ထင်မြင်ချက်ကို ကျေန်ာတို့ အတင်းအကျပ် အတည်ပြုလို့ မရပါဘူး။ ရှာဖွေရေး လုပ်ဆောင်နေတာ ၁၁ ရက် ရှိသွားပေမယ့် သူတို့ဟာ သာမန်ထက်ပိုပြီး ရှင်သန်တဲ့အခြေအနေမှာ ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။
ရေငုပ်သင်္ဘောထဲမှာရှိတဲ့ အောက်ဆီဂျင်က ၇ ရက်တာအတွက်ပဲ လုံလောက်တယ်လို့ သိရပြီး နောက်ဆုံး အဆက်အသွယ်ရတဲ့နေရာဟာ ကမ်းရိုးတန်းအလွန် မိုင် ၃၀၀ နီးပါးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပျောက်ဆုံး ရေငုပ်သင်္ဘော အမှုထမ်းတဦးရဲ့ ဖခင်ဖြစ်သူက “ကျေန်ာတို့ အမြဲ မျှော်လင့်နေပါတယ်။ သားလေးနဲ့ သူ့လုပ်ဖော်ကိုင်ဘက်အားလုံးကို ဘုရားသခင် ပြန်ခေါ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။
အဲဒီ ARA San Juan ရေငုပ်သင်္ဘောမှ လျှပ်စစ်ပိုင်းဆိုင်ရာ ပြဿနာ တက်တယ်လို့ သတင်းပို့ပြီးနောက် အဆက်အသွယ် ပြတ်တောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။