တပတ် ပေါင် ၅ သိန်း၊ စာချုပ်လျော်ကြေး ပေါင် ၆၂၆ သန်းဖြင့် မက်ဆီ စာချုပ်သစ်ချုပ်ဆို

2.9K
ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး မက်ဆီကို ၄ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရာမှာ စာချုပ်လျော်ကြေး ပေါင် ၆၂၆ သန်းအထိ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
မက်ဆီအနေနဲ့ ၂၀၂၁ ခုနှစ်အထိ ဘာစီလိုနာအသင်းမှာ ဆက်ရှိမှာဖြစ်ပြီး တပတ်လုပ်ခ ပေါင် ၅ သိန်း ရရှိမှာဖြစ်တဲ့အပြင် လက်မှတ်ထိုးကြေးအဖြစ် ပေါင်သန်း ၈၀ ဆုကြေး ရရှိမှာလည်း ဖြစ်ပါတယ်။
တိုက်စစ်မှူး မက်ဆီဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားဖြစ်ပြီး သူ့ကို ဆက်ထိန်းနိုင်ခဲ့လို့ ဂုဏ်ယူကျေနပ်မိတယ်လို့ ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ဘာတိုမြူက ပြောပါတယ်။
မက်ဆီကို ခေါ်ယူဖို့အတွက် မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတွေကလည်း ဆန္ဒရှိနေတာကြောင့် ဘာစီလိုနာအသင်းက လက်မှတ်ထိုးကြေး ပေါင်သန်း ၈၀ နဲ့ လုပ်ခတိုးပေးပြီး သက်တမ်းတိုးလိုက်တာပါ။
ဘာစီလိုနာအသင်းအနေနဲ့ ပီအက်စ်ဂျီနဲ့ မန်စီးတီးအသင်းတို့ရဲ့ ခေါ်ယူမှုကို ကာကွယ်လိုတဲ့အတွက် လျော်ကြေးအဖြစ် ပေါင် ၆၂၆ သန်း သတ်မှတ်လိုက်တာဖြစ်ပြီး မက်ဆီကို ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ အဲဒီပမာဏကို ပေးချေနိုင်မှ ခေါ်ယူလို့ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၅ ကြိမ်ရထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာနဲ့ ၆၀၂ ပွဲမှာ ၅၂၃ ဂိုးအထိ သွင်းယူထားပါတယ်။